စူရာ အလ်-ဟုဂျူရာ့
PDF —
Built right in your browser — download starts automatically
စူရာ အလ်-ဟုဂျူရာ့ pdf — ဒေါင်းလုဒ် (မြန်မာ)
စူရာ အလ်-ဟုဂျူရာ့ pdf မြန်မာ — ဒေါင်းလုဒ် စူရာ အလ်-ဟုဂျူရာ့ ဘာသာပြန်. အလ်-ဟုဂျူရာ့ (Medinan) 18 အာယာသ်.
Related
- အလ်-ဟုဂျူရာ့ ဘာသာပြန်မြန်မာ
- အလ်-ဟုဂျူရာ့ mp3နားထောင်
- Quran Index မြန်မာ114
More စူရာ PDF
စူရာ အလ်-ဟုဂျူရာ့

ﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (မည့်သည့်ကိစ္စ၌မဆို) အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်၌လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ရှေ့၌လည်းကောင်း၊ ရှေ့သို့ မကျော်တက်ကြကုန်လင့်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (အလုံးစုံသော ပြောဆိုမှုတို့ကို)အကြွင်းမဲ့ကြားတော်မူသောအရှင်၊ (အလုံးစုံသောအခြေအနေ၊ အပြုအမူ၊ အတွင်းအပြင်တို့ကို) အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသည်။
ﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗ
အို-မုအ်မင်န် သက်ဝင် ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့၏အသံများကို နဗီတမန်တော်၏ အသံထက် မကျယ်မမြင့် စေကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ဟစ်အော်ကျယ်လောင်စွာ ပြောဆိုသကဲ့သို့ ထိုနဗီတမန်တော်နှင့် စကားပြောဆိုရာ၌ ဟစ်အော်၍ ကျယ်လောင်စွာ ပြောဆိုခြင်းကို မပြုကြကုန်လင့်။ (သို့ပြုကြလျှင်) အသင်တို့ မသိကြဘဲလျက် အသင်တို့၏ အပြုအမူများသည် အချည်းနှီးဖြစ်သွားပေမည်။
ﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၏ရှေ့ဝယ် မိမိတို့၏အသံများကို နှိမ့်ချကြကုန်သော သူတို့သည် အကြင်သူများပင်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို ပြစ်မှုများမှ ကြဉ်ရှောင်ခြင်းငှာ ရွေးချယ်တော်မူခဲ့၏။ ထိုသူတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့် သည်လည်းကောင်း၊ကြီးကျယ်လှစွာသောအကျိုး သည်လည်းကောင်း၊ ရှိချေသတည်း။
ﯫﯬﯭﯮﯯﯰﯱﯲﯳﯴ
ဧကန်စင်စစ် အသင့်အား အခန်းများ၏ အပြင်ဘက်မှ ဟစ်ခေါ်ကြကုန်သော သူတို့အနက် အများစုမှာ မသိနားမလည်ကြပေ။
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞ
စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့သည်အသင် ၎င်းတို့ထံ ထွက်လာသည်အထိ သည်းခံခဲ့ကြပါလျှင် ၎င်းတို့အဖို့ အကောင်းဆုံးပင် ဖြစ်ခဲ့ပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် လွန်စွာ ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ လွန်စွာ သနား ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
ﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ စာရိတ္တဖောက်ပြန်သူ တစ်ဦးတစ်ယောက်သည် အသင်တို့ထံ တစ်စုံတစ်ရာ သတင်းကို ယူဆောင်လာခဲ့သည်ရှိသော် အသင်တို့သည် မသိဘဲလျက် လူမျိုးတစ်မျိုးကို အန္တရာယ်မပြုမိကြရန်(ယင်းသတင်း)မှန်မမှန်ကို(စူးစမ်း)စစ် ဆေးကြလေကုန်။ (သို့မဟုတ်လျှင်) အသင်တို့သည် မိမိတို့ပြုမိခဲ့ကြသောကိစ္စကြောင့် ကြေကွဲကြရပေမည်။
ﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏ
၎င်းပြင် အသင်တို့သည် မိမိတို့၌ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ရှိနေတော်မူသည်ကို (ကောင်းစွာ)သိထားကြလေကုန်။ အကယ်၍ ထိုရစူလ်တမန်တော်မြတ်သည် များစွာသော အရေးကိစ္စတို့၌ အသင်တို့၏ ပြောဆိုချက်ကို လိုက်နာပါလျှင် အမှန်ပင် အသင်တို့သာလျှင် ဒုက္ခတွေ့ကြမည်သာ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား’အီမာန်’ သက်ဝင်ယုံကြည်မှုကို နှစ်သက်မြတ်နိုးစေတော်မူခဲ့၏။ ထို့ပြင် ယင်း ‘အီမာန်’ ယုံကြည်မှုကို အသင်တို့၏ စိတ်နှလုံးများတွင် မြတ်နိုးစေတော်မူခဲ့၏။ လှပ တင့်တယ်စေတော်မူခဲ့၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ‘ကုဖ်ရ်’ သွေဖည်မှုကိုလည်းကောင်း၊ ပြစ်မှု ကျူးလွန်ခြင်းကို လည်းကောင်း၊အမိန့် မနာခံမှုကိုလည်းကောင်း၊ စက်ဆုပ်စေတော်မူခဲ့၏။ ယင်းကဲ့သို့သော သူတို့သည်သာလျှင် လမ်းမှန်ကိုရရှိသူများ ဖြစ်ကြကုန်၏။
ﮐﮑﮒﮓﮔﮕﮖﮗﮘ
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူတော် ကြောင့်လည်းကောင်း၊ ဆုချီးမြှင့်တော်မူခြင်း ကြောင့်လည်းကောင်း၊အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
ﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛ
၎င်းပြင် အကယ်၍ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အနက်မှ အုပ်စုနှစ်စုသည် အချင်းချင်း စစ်တိုက်ခဲ့ကြလျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏ အကြားဝယ် စစ်ပြေငြိမ်းအောင် ပြုလုပ်ဆောင်ရွက်ကြလေကုန်။ သို့ရာတွင် အကယ်၍ ယင်းအုပ်စုနှစ်စု အနက်မှ အုပ်စုတစ်စုသည် (စစ်ပြေငြိမ်းမှုကို လက်မခံဘဲ ဆက်လက်၍) အခြားအုပ်စုအပေါ်၌ မတရားကျူးကျော်လာခဲ့လျှင် အသင်တို့သည် ယင်းကျူးကျော်လျက် ရှိသောအုပ်စုကို ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့ ပြန်၍ လှည့်လာကြသည်အထိ ပြိုင်ဆိုင် တိုက်ခိုက်ကြလေကုန်။ တစ်ဖန် အကယ်၍ ထိုအုပ်စုသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့) ပြန်လှည့်လာခဲ့လျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏အကြား၌ တရားသဖြင့် စေ့စပ်၍ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့ သည်တရားမျှတစွာ ဆောင်ရွက်ကြလေကုန်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား ချစ်မြတ်နိုးတော်မူ၏။
ﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧ
မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့မှာ (အချင်းချင်း) ညီအစ်ကိုများသာဖြစ်ကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ညီအစ်ကိုနှစ်ယောက်၏စပ်ကြားဝယ် ရန်ငြိမ်းအောင်(စေ့စပ်မှုကို) ပြုလုပ်ဆောင်ရွက်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရကုန်အံ့သတည်း။
ﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑﰒ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ယောက်ျားများသည် ယောက်ျားအား သရော်သမှုမပြုရ။(အကြောင်းသော်ကား) ထို(သရော်သမှု ပြုခြင်းခံကြရသော)ယောက်ျားများသည် ထို(သရော် သောယောက်ျား)တို့ထက်ပို၍ ကောင်းမြတ်သူများ ဖြစ်တန်ကြရာကုန်၏။ ထိုနည်းတူစွာ မိန်းမများသည်လည်း မိန်းမများအား သရော်သမှုမပြုကြရ။ထို (သရော်သမှုပြုခြင်းကိုခံကြရသော)မိန်းမများသည် ထို(သရော်ကြသောမိန်းမ)များထက်ပို၍ ကောင်းမြတ်သူများ ဖြစ်တန်ကြရာကုန်၏။ ၎င်းပြင် အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ငြူစူစောင်းမြောင်း ကဲ့ရဲ့ပြစ်တင်ခြင်းလည်း မပြုကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး သရော်သမှုပြုကြသော အမည်နာမများဖြင့်လည်း မှည့်ခေါ်ခြင်း မပြုကုန်လင့်။ ‘အီမာန်’သက်ဝင်ယုံကြည်ပြီးနောက် ပြစ်မှုတည်းဟူသော အမည်နာမသည် လွန်စွာဆိုးရွားလှ၏။ သို့ပါလျက် မည်သူမဆို ဝန်ချတောင်းပန်ခြင်း မပြုခဲ့သော် ယင်းကဲ့သို့ သူတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြပေသတည်း။
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴ
အို-’မုအ်မင်န်’သက်ဝင်ယုံကြည်သူ အပေါင်းတို့၊အသင်တို့သည် များစွာသော ထင်မြင်ယူဆချက်များမှ ကြဉ်ရှောင်ကြလေကုန်။ စင်စစ်ဧကန် အချို့သော ထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။ ၎င်းပြင် အသင်တို့သည် (သူတစ်ပါးတို့၏ ချွတ်ယွင်းမှုများကို) ထောက်လှမ်းစူးစမ်းခြင်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့အနက် တစ်ဦးသည်တစ်ဦး၏ နောက်ကွယ်၌ အတင်းပြောဆိုခြင်းကိုမပြုရ။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိညီအစ်ကို၏ အသေသားကို စားသုံးရန် နှစ်သက်ပါမည်လော။ စင်စစ် အသင်တို့သည် ထို(အသေသားစားခြင်း)ကို စက်ဆုပ်ကြမည်သာ။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေကုန်။ မလွဲဧကန် အ�္လာဟ်အရှင်မြတ်သည် ဝန်ချတောင်းပန်ခြင်းကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ဖြစ်တော်မူပေသတည်း၊
ﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋ
အို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။
ﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫ
ကျေးတောသားအရဗ်တို့က ‘ကျွန်ုပ်တို့သည်’အီမာန်’သက်ဝင်ယုံကြည်ခဲ့ကြပါပြီ’ ဟု ပြောဆိုကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် သက်ဝင်ယုံကြည်ကြသည် မရှိသေးပေ။ သို့ရာတွင် ‘ကျွန်ုပ်တို့သည် အမိန့်ကိုနာခံကြပါပြီ’ ဟူ၍သာ ပြောဆိုကြလေကုန်။ စင်စစ်တမူကား ‘အီမာန်’ ယုံကြည်မှုသည်အသင်တို့၏ စိတ်နှလုံးများတွင် မဝင်သေးပေ။ သို့ရာတွင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ (အကယ်စင်စစ်) လိုက်နာကြလျှင် ထိုအရှင်မြတ်သည် အသင်တို့၏ ကျင့်မူဆောင်ရွက်ချက်တို့အနက်မှ မည်သည့် တစုံတရာကိုမျှပင် အသင်တို့၌ လျော့နည်းစေတော်မူမည် မဟုတ်ပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လွန်စွာ ခွင့်လွှတ်တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင် ဖြစ်တော်မူ၏။
ﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠ
ကြင်သူတို့သည်သာလျှင်(ပြည့်ဝစုံလင်သော)’မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည်ခဲ့ကြသည်။ ပြီးနောက် ၎င်းတို့သည် သံသယ ဖြစ်ခဲ့ကြသည် မရှိချေ။ထိုမှတစ်ပါး ထိုသူတို့သည် မိမိတို့၏ပစ္စည်းဥစ္စာများဖြင့် လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကုန်၏။ ထိုသူတို့သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။
ﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲ
(အို-နဗီတမန်တော်)။ အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏’ဒီန်’သာသနာကို အလ္လာဟ်အရှင်မြတ်အား အသိပေးကြ လေသလော။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီမြေများ၌ ရှိသမျှတို့ကိုလည်းကောင်း၊ ကောင်းစွာသိရှိတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
ﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈ
(အို-နဗီတမန်တော်)၊ ၎င်းတို့သည် (အမိန့်ကို)နာခံခဲ့ကြကြောင်း အသင့်ရှေ့ဝယ် ဂုဏ်ဖော်၍နေကြကုန်၏။အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ငါ၏ရှေ့ဝယ် မိမိတို့ အမိန့်နာခံမှုကို ဂုဏ်ဖော်ခြင်း မပြုကြကုန်လင့်။ စင်စစ်မှာမူကား အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အီမာန် သက်ဝင်ယုံကြည်နိုင်ရန် တရားလမ်းကို ပြသတော်မူခဲ့သောကြောင့် ထိုအရှင်မြတ်ကသာလျှင် အသင်တို့အပေါ်ကျေးဇူးပြုထားတော်မူခြင်း ဖြစ်ပေသည်။
ﰉﰊﰋﰌﰍﰎﰏﰐﰑﰒﰓﰔ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်တို့ကို ကောင်းစွာသိရှိတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူဆောင်ရွက်လျက် ရှိကြသည်တို့ကို ကောင်းစွာမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers







