PDF —
182 အာယာသ် Meccan PDF
Built right in your browser — download starts automatically

စူရာ အစ်-စဖ်ဖာ့တ် pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ အစ်-စဖ်ဖာ့တ် pdf မြန်မာ — ဒေါင်းလုဒ် စူရာ အစ်-စဖ်ဖာ့တ် ဘာသာပြန်. စူရာ အစ်-စဖ်ဖာ့တ် (Meccan) 182 အာယာသ်.

← ယာစီးစူရာ အစ်-စဖ်ဖာ့တ် စာဒ် →


182 အာယာသ် · Meccan · မြန်မာ
bismillah
ﭑﭒﭓ
37:1 (ငါအရှင်မြတ်သည်) အနေအထားကျနစွာ တန်းစီ မတ်တတ်ရပ်ကြသူတို့အား သက်သေထူတော်မူ၏။
ﭔﭕﭖ
37:2 တစ်ဖန် (ငါအရှင်မြတ်သည်) ငေါက်ငမ်းလျက် မောင်းနှင်သူတို့အား သက်သေထူတော်မူ၏။
ﭗﭘﭙ
37:3 ထို့နောက်တစ်ဖန် (ငါအရှင်မြတ်သည်) "ဇစ်က်ရ်"ကမ္မဋ္ဌာန်းကို စီးဖြန်းသရဇ္ဈာယ်ကြသူတို့အား (တစ်နည်း) ကျက်မှတ်ရွတ်ဖတ် သရဇ္ဈာယ်သူတို့အား သက်သေထူတော်မူ၏။
ﭚﭛﭜﭝ
37:4 မလွဲဧကန် အသင်တို့၏ ဆည်းကပ်ကိုးကွယ်ရာအရှင်ကား တစ်ဆူတည်းသာလျှင် ဖြစ်တော်မူ၏။
ﭞﭟﭠﭡﭢﭣﭤﭥ
37:5 (ထိုအရှင်မြတ်သည်) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခုလုံး၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းစိုးပိုင်တော်မူသောအရှင်၊ ထိုမှတစ်ပါး နေထွက်ရာအရပ်များကို ဖန်ဆင်းစိုးပိုင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
ﭦﭧﭨﭩﭪﭫﭬ
37:6 ဧကန်စင်စစ် ငါအရှင်မြတ်သည် အောက်ဆုံးဖြစ်သော မိုးကောင်းကင်ကို ကြယ်နက္ခတ်များတည်းဟူသော အဆင်အယင်ဖြင့် တန်ဆာဆင်ယင်တော်မူခဲ့၏။
ﭭﭮﭯﭰﭱﭲ
37:7 ၎င်းပြင် (ငါအရှင်မြတ်သည်) "ရှိုင်တွာန်" မိစ္ဆာကောင်အသီးသီးမှ အကာအကွယ် ပြုလုပ်တော် မူခဲ့၏။
ﭳﭴﭵﭶﭷﭸﭹﭺﭻﭼ
37:8 ထို "ရှိုင်တွာန်" မိစ္ဆာကောင်များသည် အထက်ကောင်းကင်ရှိ ပရိသတ်မြို့တော်သို့ (သွားရောက်) နားစွင့်နိုင်ခြင်း မရှိကြသည့်ပြင် ၎င်းတို့သည် အဖက်ဖက်မှ (မီးတောက် ကြယ်ပျံဖြင့်) ပစ်ပေါက်ခြင်းကို ခံကြရကုန်၏။
ﭽﭾﭿﮀﮁﮂ
37:9 နှင်ထုတ်ခြင်းခံကြရလျက်၊ ထိုမှတစ်ပါး ၎င်းတို့၌ ထာဝစဉ်ခံကြရအံ့သော ပြစ်ဒဏ်သည်လည်း ရှိပေဦးမည်။
ﮃﮄﮅﮆﮇﮈﮉﮊ
37:10 သို့ရာတွင် အကြင်"ရှိုင်တွာန်" မိစ္ဆာကောင်သည်(သတင်းတစ်စုံတစ်ရာကို) ရုတ်တရက် သုတ်ယူခဲ့မူ တောက်လောင်သော မီးတောက်တစ်ခုသည် ၎င်း၏နောက်သို့ ထက်ကြပ်မကွာ လိုက်ခဲ့လေတော့သတည်း။
ﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘ
37:11 သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား မေးမြန်းပါလေ။ ၎င်းတို့အား ဖန်ဆင်းခြင်းသည် ပို၍ခဲယဉ်းလေသလော၊ သို့မဟုတ် ငါအရှင်မြတ် ဖန်ဆင်းတော်မူခဲ့သည့် (ကြယ်နက္ခတ်၊ မိုးကောင်းကင်၊ ပထဝီမြေ၊ အဖန်ဆင်းခံများအား ဖန်ဆင်းတော်မူခြင်းသည် ပို၍ခဲယဉ်းလေသလော)။ဧကန်မလွဲ ငါ အရှင်မြတ်သည် ၎င်းတို့အား စေးကပ်သော မြေကြီးမြေစေးဖြင့် ဖန်ဆင်းတော်မူခဲ့၏။
ﮙﮚﮛﮜ
37:12 စင်စစ်မှာကား (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့၏ ငြင်းပယ်မှုကြောင့်)အံ့ဩ၍နေပေသည်။ သို့ရာတွင် ၎င်းတို့မှာမူကား(အသင့်အား)ပြက်ရယ်သမှု ပြုကြကုန်၏။
ﮝﮞﮟﮠﮡ
37:13 ၎င်းပြင် သတိပေးဆုံးမခြင်းကို ခံကြရသောအခါ ၎င်းတို့သည် တရားရကြသည် မဟုတ်ပေ။
ﮢﮣﮤﮥﮦ
37:14 ထို့ပြင် ၎င်းတို့သည် သက်သေလက္ခဏာ တစ်ရပ်ရပ်ကို တွေ့မြင်ကြသောအခါ၊ ပြက်ရယ် ပြောင်လှောင်ကြကုန်၏။
ﮧﮨﮩﮪﮫﮬﮭ
37:15 ထိုမှတစ်ပါး ၎င်းတို့က ပြောဆိုကြကုန်၏။ ဤသည် ထင်ရှားစွာသော ပဉ္စလက်အတတ်ပညာမျှသာ ဖြစ်ပေသည်။
ﮮﮯﮰﮱﯓﯔﯕﯖ
37:16 မည်သို့နည်း ကျွန်ုပ်တို့သည် သေဆုံးကြပြီး မြေကြီးဖြစ်သွားကြသောအခါ ကျွန်ုပ်တို့သည် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။
ﯗﯘﯙ
37:17 ၎င်းပြင် ရှေးသူဟောင်းများဖြစ်ကြသော ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးတို့သည်လည်း(ရှင်ပြန်ထကြရဦးမည်လော)။
ﯚﯛﯜﯝﯞ
37:18 (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ "ဟုတ်ပေသည်"(အသင်တို့သည် အမှန်ပင် ရှင်ပြန်ထကြရပေမည်)။ ၎င်းပြင် အသင်တို့သည် ဂုဏ်ရည် သေးသိမ်သူများလည်း ဖြစ်ကြရပေဦးမည်။
ﯟﯠﯡﯢﯣﯤﯥﯦ
37:19 စင်စစ်မှာကား ယင်းသည် ပြင်းထန်စွာသော အသံတစ်ခုမျှသာလျှင် ဖြစ်ပေမည်။ ထိုအခါ ရုတ်တရက် ၎င်းတို့သည် (ကြောက်ရွံ့ထိတ်လန့်စွာ) ကြည့်ရှုလျက် ရှိကြကုန်အံ့သတည်း။
ﯧﯨﯩﯪﯫﯬ
37:20 ထိုမှတစ်ပါး ၎င်းတို့က "ဪ-ငါတို့သည် အကျိုးနည်း ပျက်စီးကြရလေခြင်း၊ ဤသည် အစားပေးမည့်နေ့ပါတကား"ဟု ပြောဆို ညည်းညူကြပေမည်။
ﯭﯮﯯﯰﯱﯲﯳﯴ
37:21 ဤကား မဟုတ်မမှန်ဟူ၍ အသင်တို့ ငြင်းပယ်လျက်ရှိခဲ့ကြသော စီရင်ဆုံးဖြတ်မည့်နေ့ပင်ဖြစ်ပေသည်။
ﯵﯶﯷﯸﯹﯺﯻﯼﯽ
37:22 (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်များအား မိန့်ကြားတော်မူပေမည်)။ အသင်တို့သည်(မိမိတို့ကိုယ်ကို)နှိပ်စက်ကလူပြုခဲ့ကြသော သူတို့အားလည်းကောင်း၊ ထိုသူတို့နှင့် ဝါဒတူဖြစ်ကြသော အဖော်အဖက်တို့အားလည်းကောင်း၊ ထိုသူတို့ ဆည်းကပ်ကိုးကွယ်ခဲ့ကြသည်တို့အားလည်းကောင်း၊ စုရုံးကြလေကုန်။
ﯾﯿﰀﰁﰂﰃﰄﰅ
37:23 အလ္လာဟ်အရှင်မြတ်အားစွန့်၍၊ တစ်ဖန် အသင်တို့သည် ၎င်းတို့အားလုံးကိုပင် "ဂျဟန္နမ်"ငရဲဘုံ၏လမ်းအတိုင်း ခေါ်ဆောင်သွားကြလေကုန်။
ﰆﰇﰈﰉﰊ
37:24 ထိုမှတစ်ပါး အသင်တို့သည် ၎င်းတို့အား(အနည်းငယ်) ဆိုင်းငံ့၍ထားကြလေကုန်။ ဧကန်မလွဲ ၎င်းတို့သည် စစ်ဆေးမေးမြန်းခြင်း ခံကြရမည့်သူများပင် ဖြစ်ကြကုန်၏။
ﭑﭒﭓﭔﭕ
37:25 အသင်တို့သည် မည်သည့်အကြောင်းကြောင့် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ကူညီယိုင်းပင်းခြင်း မပြုကြပေသနည်း။
ﭖﭗﭘﭙﭚ
37:26 စင်စစ်မှာကား ၎င်းတို့သည် ထိုနေ့တွင် ဦးခေါင်းညွှတ်ချ အညံ့ခံကြပေမည်။
ﭛﭜﭝﭞﭟﭠ
37:27 ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အချင်းချင်း တစ်ဦးဖက်သို့ တစ်ဦးလှည့်ကာ အပြန်အလှန် မေးမြန်းကြပေမည်။
ﭡﭢﭣﭤﭥﭦﭧ
37:28 ၎င်းတို့ (အနက်မှ နောက်လိုက်များ)က (ခေါင်းဆောင်များအား) "ဧကန်စင်စစ် အသင်တို့သည် အရှိန်အစော်ကြီးစွာဖြင့် ကျွန်ုပ်တို့ထံ လာရောက်လေ့ ရှိခဲ့ကြသည်" ဟုပြောဆိုကြပေမည်။
ﭨﭩﭪﭫﭬﭭ
37:29 (ထိုအခါ) ၎င်းတို့(အား ခေါင်းဆောင်များ)ကပြောဆို ဖြေကြားကြပေမည်။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား အသင်တို့ကိုယ်တိုင် "မုအ်မင်န်" သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြပေ။
ﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹ
37:30 ထိုမှတစ်ပါး ကျွန်ုပ်တို့၌ အသင်တို့အပေါ်ဝယ် ဩဇာအာဏာ တစ်စုံတစ်ရာမျှလည်း မရှိခဲ့ပေ။ စင်စစ်မှာကား အသင်တို့ ကိုယ်တိုင်ပင် လွန်စွာ သောင်းကျန်းဆိုးသွမ်းများ ဖြစ်ခဲ့ကြပေသည်။
ﭺﭻﭼﭽﭾﭿﮀﮁ
37:31 အမှန်သော်ကား "ကျွန်ုပ်တို့သည် ဧကန်အမှန်(ပြစ်ဒဏ်၏) အရသာကို မြည်းစမ်းမည့်သူများ ဖြစ်ကြသည်"ဟူသော ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏မိန့်ကြားချက်သည် ကျွန်ုပ်တို့အားလုံးအပေါ်၌ မှန်ကန်ကြောင်း ထင်ရှားလေသည်။
ﮂﮃﮄﮅﮆ
37:32 သို့ဖြစ်ပေရာ ကျွန်ုပ်တို့သည် အသင်တို့အား လမ်းလွဲစေခဲ့ကြကုန်၏။ ဧကန်အမှန် ကျွန်ုပ်တို့ကိုယ်တိုင်လည်း လမ်းလွဲသူများပင် ဖြစ်ခဲ့ကြကုန်၏။
ﮇﮈﮉﮊﮋﮌ
37:33 သို့ဖြစ်သောကြောင့် စင်စစ်ဧကန် ၎င်းတို့အားလုံးသည် ထိုနေ့တွင် ပြစ်ဒဏ်၌(ခံစား)သူများပင် ဖြစ်ကြပေမည်။
ﮍﮎﮏﮐﮑ
37:34 မလွဲဧကန် ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား ဤအတိုင်းပင် ပြုလုပ်လေ့ရှိတော်မူ၏။
ﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜ
37:35 မုချဧကန် ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိဟု ၎င်းတို့အား ပြောဆိုခဲ့သောအခါ ၎င်းတို့သည် မာန်မာန ထောင်လွှားလေ့ရှိခဲ့ကြကုန်၏။
ﮝﮞﮟﮠﮡﮢﮣ
37:36 ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့သည် ရူးသွပ်သော ကဗျာဆရာတစ်ဦး၏ပြောဆိုမှုကြောင့် မိမိတို့၏ ဆည်းကပ်ကိုးကွယ်ရာများကို စွန့်လွှတ်ကြရ မည်လောဟု ပြောဆိုလေ့ရှိကြကုန်၏။
ﮤﮥﮦﮧﮨﮩ
37:37 စင်စစ်မှာကား ထို(တမန်တော်မြတ်)သည် အမှန်တရားကို ယူဆောင်ခဲ့သည့်ပြင်(အခြားသော)"ရစူလ်"တမန်တော်အပေါင်းတို့အားလည်း (ဟုတ်မှန်ကြောင်း)ယုံကြည် ထောက်ခံခဲ့ပေသတည်း။
ﮪﮫﮬﮭﮮ
37:38 ဧကန်မလွဲ အသင်တို့အားလုံးသည် နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မြည်းစမ်းကြရမည့်သူများ အမှန်ပင် ဖြစ်ကြကုန်၏။
ﮯﮰﮱﯓﯔﯕﯖ
37:39 သို့ရာတွင် အသင်တို့သည် မိမိတို့ ကျင့်မူလျက်ရှိခဲ့ကြသော အမှုကိစ္စများ၏ အစားပေးခြင်းကိုသာလျှင် ခံကြရပေမည်။
ﯗﯘﯙﯚﯛ
37:40 သို့ရာတွင် ရွေးခြယ်ခြင်းကို ခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ်၏ ကျွန်များသည်၊
ﯜﯝﯞﯟﯠ
37:41 ထိုသူတို့အဖို့မှာမူကား သတ်မှတ်ပြီးဖြစ်သော အစာအာဟာရသည် ရှိပေသည်။
ﯡﯢﯣﯤ
37:42 သစ်သီးဝလံများပင်၊ ထိုမှတစ်ပါး ၎င်းတို့သည် ဂုဏ်အင် ချီးမြှင့်ခံကြရသူများ ဖြစ်ကြပေမည်။
ﯥﯦﯧﯨ
37:43 စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသောဥယျာဉ်များ၌၊
ﯩﯪﯫﯬ
37:44 သလွန်များထက်ဝယ် မျက်နှာချင်းဆိုင်ထိုင်လျက် ရှိကြပေမည်။
ﯭﯮﯯﯰﯱﯲ
37:45 ၎င်းတို့ရှေ့ဝယ် သွင်သွင်စီးလျက်ရှိသော အရက်ဖြင့်ပြည့်လျှံနေသောဖလားသည် လှည့်ပတ်လျက်ရှိချေမည်။
ﯳﯴﯵﯶ
37:46 အရောင်အသွေးဖြူသော၊ သောက်သုံးသူအဖို့ အရသာနှင့်ပြည့်စုံသော၊
ﯷﯸﯹﯺﯻﯼﯽﯾ
37:47 ထိုအရက်ကြောင့် မူးဝေခြင်း-ခေါင်းခဲခြင်းလည်း ရှိမည်မဟုတ်ပေ။ ထိုနည်းတူစွာ ယင်းအရက်ကြောင့် ၎င်းတို့သည် သတိလစ်ကြရမည်လည်း မဟုတ်ပေ။
ﯿﰀﰁﰂﰃ
37:48 ထိုမှတစ်ပါး ၎င်းတို့ထံတွင် မျက်စိကို အောက်သို့နှိမ့်ချထားသော၊ မျက်စိပြူး၍လှပသော ကြင်ဘက်များလည်း ရှိကြပေမည်။
ﰄﰅﰆﰇ
37:49 ထိုကြင်ဘက်များမှာကား လျှို့ဝှက်ဖုံးအုပ်လျက်ထားရှိသော ဥများပမာ ဖြစ်ကြကုန်အံ့သတည်း။
ﰈﰉﰊﰋﰌﰍ
37:50 ထို့နောက် ၎င်းတို့သည် မိမိတို့အချင်းချင်း တစ်ဦးဘက်သို့ တစ်ဦးလှည့်ကာ အပြန်အလှန် မေးမြန်းကြပေမည်။
ﰎﰏﰐﰑﰒﰓﰔﰕ
37:51 ၎င်းတို့အနက် ပြောဆိုသူတစ်ဦးက (ဤသို့)ပြောဆိုပေမည်။ ကျွန်ုပ်တွင် အဖော်တစ်ယောက် ရှိခဲ့ဖူး၏။
ﭑﭒﭓﭔﭕ
37:52 ထိုအဖော်သည် ကျွန်ုပ်အား ပြောဆို(မေးမြန်း)လေ့ရှိ၏။ အသင်သည်လည်း ("ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို) ယုံကြည်ထောက်ခံသူတစ်ဦး ဖြစ်လေသလော။
ﭖﭗﭘﭙﭚﭛﭜﭝ
37:53 ကျွန်ုပ်တို့သည် သေဆုံး၍(အသားအရေတို့မှာ)မြေကြီးဖြစ်သွားပြီးလျှင် အရိုးများသာလျှင် ကျန်ရစ်သောအခါ အမှန်ပင် ကျွန်ုပ်တို့သည် အစားပေးခြင်းခံကြရသူများ ဖြစ်ကြရမည်လော။
ﭞﭟﭠﭡﭢ
37:54 (ထိုအခါ) ထိုအရှင်မြတ်သည် မိန့်ကြားတော်မူပေမည်။ (တစ်နည်း) ["ဂျန္နတ်" သုခဘုံ၌ အတူရှိနေသော အဖော်တစ်ဦးက ပြောဆိုပေမည်။] အသင်တို့သည် (ထိုအဖော်အား)ချောင်း၍ ကြည့်လိုကြလေသလော။
ﭣﭤﭥﭦﭧﭨ
37:55 ထို့နောက် ထိုသူသည် ချောင်း၍ကြည့်သောအခါ ထိုအဖော်အား "ဂျဟန္နမ်" ငရဲဘုံ၏အလယ်၌ တွေ့မြင်ပေမည်။
ﭩﭪﭫﭬﭭﭮ
37:56 (ထိုအခါ) ၎င်းသည် ထိုအဖော်အား (ဤသို့)ပြောဆိုပေမည်။ အလ္လာဟ်အရှင်မြတ်၏ "ကစမ်" ဧကန်စင်စစ် အသင်သည် ကျွန်ုပ်အား ဖျက်ဆီးလု နီးနီး ဖြစ်ခဲ့ပေသည်။
ﭯﭰﭱﭲﭳﭴﭵ
37:57 အမှန်သော်ကား အကယ်၍သာ ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်သာလျှင် မရှိခဲ့မူ အမှန်ပင် ကျွန်ုပ်သည်လည်း ဖမ်းဆီး အရေးယူခြင်းခံခဲ့ကြရသောသူတို့တွင် အပါအဝင် ဖြစ်မည်သာ။
ﭶﭷﭸﭹ
37:58 သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် သေဆုံးကြအံ့သောသူများ မဟုတ်တော့ပြီလော။
ﭺﭻﭼﭽﭾﭿﮀ
37:59 ကျွန်ုပ်တို့သည် ပထမအကြိမ် သေဆုံးခဲ့ကြခြင်းမှအပ၊ ၎င်းပြင် ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်း ခံကြရမည့်သူများလည်း မဟုတ်ပြီ။
ﮁﮂﮃﮄﮅﮆ
37:60 ဧကန်မလွဲ ဤသည်ပင်လျှင် ကြီးကျယ်စွာသော အောင်မြင်မှုတည်း။
ﮇﮈﮉﮊﮋ
37:61 (ကောင်းမြတ်သော အကျင့်သီလများကို) ကျင့်မူဆောက်တည်ကြသောသူတို့သည် ဤကဲ့သို့သော အောင်မြင်မှုရယူရန်) အလို့ငှာ ကျင့်မူ ဆောက်တည်ကြရာသတည်း။
ﮌﮍﮎﮏﮐﮑﮒ
37:62 ဤသည့်ဧည့်ခံပွဲသည် ပိုမို၍ကောင်းမြတ်လေသလော၊ သို့တည်းမဟုတ် ရှားစောင်းကြီးဆူးပင်သည် ပိုမို၍ကောင်းမြတ်လေသလော။
ﮓﮔﮕﮖﮗ
37:63 ဧကန်အမှန် ငါအရှင်မြတ်သည် ယင်းသစ်ပင်ကို မတရားကျူးလွန်ကြသော သူတို့အဖို့ စမ်းသပ်မှုတစ်ရပ်ပင် ပြုလုပ်တော်မူခဲ့၏။
ﮘﮙﮚﮛﮜﮝﮞ
37:64 ဧကန်စင်စစ် ၎င်းမှာ "ဂျဟန္နမ်" ငရဲဘုံ၏အရင်း၌ပေါက်ရောက်သော သစ်ပင်တစ်ပင်ဖြစ်လေ၏။
ﮟﮠﮡﮢﮣ
37:65 ယင်းသစ်ပင်၏အသီးမှာ "ရှိုင်တွာန်" မိစ္ဆာကောင်များ၊ မြွေများ၏ပါးပျဉ်းများကဲ့သို့ပင်ဖြစ်ပေ၏။
ﮤﮥﮦﮧﮨﮩﮪ
37:66 သို့ဖြစ်ပေရာ ဧကန်အမှန် ၎င်းတို့သည် ယင်းသစ်ပင်မှ အမှန်ပင် စားသုံးကြပေမည်။ ထို့နောက် ၎င်းတို့သည် ယင်းသစ်ပင်ဖြင့် ဝမ်းဗိုက်များကို ဖြည့်ကြပေမည်။
ﮫﮬﮭﮮﮯﮰﮱﯓ
37:67 ထို့နောက် ထိုသူတို့သည် ၎င်း၏အပေါ်၌ ဝါ(ထိုအပင်ကို စားသုံးဖြည့်တင်းပြီးနောက်) ကျိုက်ကျိုက်ဆူပွက်သောရေနွေးကို ရောစပ်(၍သောက်စေ) ခြင်းကို ခံကြရပေမည်။
ﯔﯕﯖﯗﯘﯙ
37:68 ထို့နောက် ဧကန်မုချ ၎င်းတို့သည် "ဂျဟန္နမ်"ငရဲဘုံသို့ အမှန်ပင် ပြန်ကြရပေမည်။
ﯚﯛﯜﯝﯞ
37:69 ဧကန်စင်စစ် ၎င်းတို့သည် မိမိတို့၏အဘ၊ ဘိုး၊ဘေးတို့အား လမ်းမှားသူများအဖြစ် တွေ့ရှိခဲ့ကြကုန်၏။
ﯟﯠﯡﯢﯣ
37:70 သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုအဘ၊ ဘိုး၊ ဘေးတို့၏ခြေရာများပေါ်၌ လျင်မြန်စွာ ပြေးလျှောက် ခဲ့ကြလေသတည်း။
ﯤﯥﯦﯧﯨﯩ
37:71 အမှန်သော်ကား မုချဧကန် ၎င်းတို့အလျင်လည်း ရှေးသူဟောင်းတို့အနက် များစွာသောသူတို့မှာ လမ်းမှားခဲ့ကြကုန်၏။
ﯪﯫﯬﯭﯮ
37:72 စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့တွင် သတိပေးနှိုးဆော်သူတို့အား စေလွှတ်တော်မူခဲ့၏။
ﯯﯰﯱﯲﯳﯴ
37:73 သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် သတိပေး နှိုးဆော်ခြင်းခံခဲ့ကြရသောသူတို့၏ နောက်ဆုံးအကျိုးမှာ မည်ကဲ့သို့ဖြစ်ခဲ့သည်ကိုရှုပါလေ။
ﯵﯶﯷﯸﯹ
37:74 သို့ရာတွင် ရွေးချယ်ခြင်းခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ်၏ ကျွန်များမှာမူကား(လွတ်မြောက်ခဲ့ကြပေသတည်း)။
ﯺﯻﯼﯽﯾﯿ
37:75 ၎င်းပြင် ဧကန်မလွဲ (နဗီတမန်တော်) "နူးဟ်"သည် ငါအရှင်မြတ်အား ဟစ်ခေါ်ခဲ့လေရာ ငါ အရှင်မြတ်သည်(နူးဟ်၏ပန်ကြားချက်ကို) အဘယ်မျှလောက် ကောင်းစွာ နားထောင်တော်မူသောအရှင်မြတ် ဖြစ်တော်မူဘိသနည်း။
ﰀﰁﰂﰃﰄﰅ
37:76 ထို့ပြင် ငါအရှင်မြတ်သည် ထိုနူးဟ်အားလည်းကောင်း၊ ထိုနူးဟ်၏ အိမ်သူအိမ်သားများအားလည်းကောင်း၊ ကြီးကျယ်လှစွာသော ပူပင်သောကမှ လွတ်မြောက်စေတော်မူခဲ့သည်။
ﭑﭒﭓﭔﭕ
37:77 ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုနူးဟ်၏ အဆက်အနွယ်ကိုသာလျှင် (မသေမကြေ မပျောက်မပျက်) ကျန်ရစ်စေတော်မူခဲ့၏။
ﭖﭗﭘﭙﭚ
37:78 ၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ထို"နူးဟ်"နှင့်ပတ်သက်၍ (၎င်းအား ကောင်းမွန်စွာ သတိရစေခြင်းကို) ရှိစေတော်မူခဲ့၏။
ﭛﭜﭝﭞﭟﭠ
37:79 ခပ်သိမ်းကုန်သော ကမ္ဘာသူကမ္ဘာသားများ တွင်"နူးဟ်" ၏အပေါ်ဝယ် "စလာမ်" ချမ်းမြေ့ သာယာမှုသည်ကျရောက်ပါစေ။
ﭡﭢﭣﭤﭥ
37:80 ဧကန်မလွဲ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးတော်မူ၏။
ﭦﭧﭨﭩﭪ
37:81 ဧကန်စင်စစ် ထိုနူးဟ်သည် ငါအရှင်မြတ်၏"မုအ်မင်န်" သက်ဝင်ယုံကြည်ကုန်သော ကျွန်တို့တွင် အပါအဝင်ဖြစ်၏။
ﭫﭬﭭﭮ
37:82 ထို့နောက် ငါအရှင်မြတ်သည် အခြားသောသူတို့အား နှစ်မြှုပ်တော်မူခဲ့ပေသတည်း။
ﭯﭰﭱﭲﭳﭴ
37:83 ထို့ပြင် ဧကန်မလွဲ ထို(နဗီတမန်တော်) နူးဟ်၏ လမ်းစဉ်ကိုလိုက်သူတို့တွင် (နဗီတမန်တော် "အီဗ်ရာဟီမ်"သည်လည်း တစ်ဦးအပါအဝင်ဖြစ်၏။)
ﭵﭶﭷﭸﭹﭺ
37:84 (ပြန်လည်သတိရကြလေကုန်၊) အကြင်အခါဝယ် ထိုအီဗ်ရာဟီမ်သည် (ဒွိဟသံသယ စသောရောဂါများ)ကင်းရှင်းသော စိတ်နှလုံးနှင့်တကွ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ လှည့်ခဲ့လေ၏။
ﭻﭼﭽﭾﭿﮀﮁ
37:85 တစ်ရံရောအခါဝယ် ထို (နဗီတမန်တော်)အီဗ်ရာဟီမ်သည် မိမိဖခင်အားလည်းကောင်း၊ မိမိ အမျိုးသားတို့အားလည်းကောင်း၊ ပြောဆို (မေးမြန်း)ခဲ့၏။ အသင်တို့သည် မည်သည့်အရာကို ကိုးကွယ်နေကြသနည်း။
ﮂﮃﮄﮅﮆﮇ
37:86 အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍(မိမိတို့ကိုယ်တိုင်) ကြံဖန်ပြုလုပ်ထားသော ကိုးကွယ်ရာများကို(ဆည်းကပ်ကိုးကွယ်ရန်) လိုလားကြလေသလော။
ﮈﮉﮊﮋﮌ
37:87 သို့ဖြစ်လျှင် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် ပတ်သက်၍ အသင်တို့သည် မည်သို့ ယူဆကြပေသနည်း။
ﮍﮎﮏﮐﮑ
37:88 ထို့နောက် အီဗ်ရာဟီမ်သည် ကြယ်နက္ခတ်များကို တစ်ချက်စူးစိုက်၍ ကြည့်ခဲ့လေ၏။
ﮒﮓﮔﮕ
37:89 ထို့နောက် "ဧကန်အမှန် ငါသည် စိတ်ထိခိုက်သူဖြစ်သည်" ဟု ပြောဆိုခဲ့လေ၏။
ﮖﮗﮘﮙ
37:90 ထို့နောက် ၎င်းတို့သည် ထိုအီဗ်ရာဟီမ်၏ထံမှကျောခိုင်းလျက် လှည့်ပြန်ခဲ့ကြကုန်၏။
ﮚﮛﮜﮝﮞﮟﮠ
37:91 ထို့နောက် ထိုအီဗ်ရာဟီမ်သည် ထိုအမျိုးသားတို့၏ ကိုးကွယ်ရာ(ဆင်းတု)များထံ ဝင်ရောက်ခဲ့ပြီးလျှင်(ဤသို့)ပြောဆိုခဲ့၏။ အသင်တို့သည် အဘယ်ကြောင့် မစားကြသနည်း။
ﮡﮢﮣﮤﮥ
37:92 အသင်တို့သည် မည်သည့်အကြောင်းကြောင့် စကားမပြောကြသနည်း။
ﮦﮧﮨﮩﮪ
37:93 တစ်ဖန် ထိုအီဗ်ရာဟီမ်သည် ယင်းဆင်းတုတော်များအပေါ်သို့ အရှိန်ပြင်းစွာ သွားရောက်၍ လက်ယာလက်ဖြင့် ရိုတ်ခတ်လေတော့၏။
ﮫﮬﮭﮮ
37:94 ထို့နောက် ၎င်းအမျိုးသားတို့သည် ထိုအီဗ်ရာဟီမ်၏ထံသို့ အပြေးအလွှား လာခဲ့ကြလေသည်။
ﮯﮰﮱﯓﯔ
37:95 ထိုအခါ ထိုသူ(အီဗ်ရာဟီမ်)က (ဤသို့)ပြောကြားခဲ့၏။ အသင်တို့သည် မိမိတို့ကိုယ်တိုင် ထုလုပ်ထားကြသောအရာများကို ဆည်းကပ်ကိုးကွယ် ကြလေသလော။
ﯕﯖﯗﯘﯙ
37:96 စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသင်တို့အားလည်းကောင်း၊ အသင်တို့ ပြုလုပ်ကျင့်မူကြသော အရာဝတ္ထုများကိုလည်းကောင်း၊ (အားလုံးကိုပင်)ဖန်ဆင်းတော်မူခဲ့၏။
ﯚﯛﯜﯝﯞﯟﯠﯡ
37:97 ထို(အခါ) အမျိုးသားတို့က "အသင်တို့သည် ထိုအီဗ်ရာဟီမ်၏အဖို့ အဆောက်အအုံတစ်ခုကို တည်ဆောက်ပြီးလျှင်၊ ၎င်းအား မီးတောက်မီးလျှံအတွင်းသို့ ပစ်ချကြလေကုန်" ဟု ပြောဆိုခဲ့ကြကုန်၏။
ﯢﯣﯤﯥﯦﯧ
37:98 အချုပ်မှာ ၎င်းတို့သည် ထိုအီဗ်ရာဟီမ်နှင့်ပတ်သက်၍ မကောင်းသောအကြံအစည်ကို ကြံရွယ်ခဲ့ကြသော်လည်း ငါအရှင်မြတ်သည် ၎င်းတို့အား (အရေး)နိမ့်စေတော်မူခဲ့ပေသတည်း။
ﯨﯩﯪﯫﯬﯭﯮ
37:99 ထို့နောက် ထိုအီဗ်ရာဟီမ်သည် (ဤသို့)ပြောကြားခဲ့လေ၏။ ဧကန်အမှန် ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ သွားတော့မည်။ ထိုအရှင်မြတ်သည် ငါ့အား (လိုရာပန်းတိုင်သို့) အမှန်ပင် ပို့ဆောင်တော်မူပေမည်။
ﯯﯰﯱﯲﯳﯴ
37:100 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်အား သူတော်ကောင်း(သား)တစ်ယောက် ချီးမြှင့်ပေးသနားတော်မူပါ။
ﯵﯶﯷﯸ
37:101 သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအီဗ်ရာဟီမ်အား ခန္တီတရားနှင့် ပြည့်စုံသောသားတော်တစ်ပါး၊ (ချီးမြှင့်တော်မူမည် ဖြစ်ကြောင်း) ဝမ်းမြောက်ဖွယ် သတင်းပေးတော်မူခဲ့၏။
ﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑﰒﰓﰔﰕ
37:102 ၎င်းနောက် ထိုသားတော်သည် ထိုအီဗ်ရာဟီမ်နှင့်အတူ သွားလာပြေးလျှောက်နိုင်သော အရွယ်သို့ ရောက်သောအခါ ထိုအစ်ဗ်ရာဟီမ်သည် (ဤသို့) ပြောကြားခဲ့လေ၏။"အို-ချစ်သား ငါသည် ဧကန်မလွဲ အသင့်အား လှီးဖြတ်နေသည်ကို အိပ်မက်တွင် ဧကန်အမှန် မြင်မက်သည်။ သို့ဖြစ်ပေရာ အသင်သည် မည်သို့ထင်မြင်ယူဆသနည်း"စဉ်းစားပါလေ။ ထို(အခါ)သားတော်က "အို-ခမည်းတော်၊ ခမည်းတော်သည် ပေးတော်မူခြင်းခံရသော အမိန့်တော်ကိုသာ လိုက်နာဆောင်ရွက်ပါ။ "အင်န်ရှာအလ္လာဟ်" (အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင်) ခမည်းတော်သည် ကျွန်တော့်အား ခန္တီတရား ထားရှိသူတစ်ဦးအဖြစ် အမှန်ပင် တွေ့ရှိပါလိမ့်မည်ဟု ပြန်ကြားခဲ့လေ၏။
ﭑﭒﭓﭔﭕ
37:103 ထို့နောက် ထို(သားအဖ)နှစ်ပါးလုံးသည် အမိန့်တော်ကို လိုက်နာပြီး ထိုအီဗ်ရာဟီမ်သည် (လှီးဖြတ်ရန်)ထိုသားတော်အား မှောက်လျက် လှဲခဲ့လေ သောအခါ။
ﭖﭗﭘﭙ
37:104 ငါအရှင်မြတ်သည် ၎င်းအား (ဤသို့) အသံပြုတော်မူခဲ့၏။ အို-အီဗ်ရာဟီမ်၊
ﭚﭛﭜﭝﭞﭟﭠﭡﭢ
37:105 ဧကန်မလွဲ အသင်သည် အိပ်မက်ကို အမှန်အကန် ဆောင်ရွက်ခဲ့လေပြီ။ ဧကန်အမှန် ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။
ﭣﭤﭥﭦﭧﭨ
37:106 ဧကန်မလွဲ ဤသည် ထင်ရှားစွာသော စမ်းသပ်မှုတစ်ရပ် အမှန်ပင်ဖြစ်၏။
ﭩﭪﭫﭬ
37:107 ၎င်းပြင် ငါအရှင်မြတ်သည် ကြီးကျယ် မြင့်မြတ်လှစွာသော သတ်ဖြတ်အပ်သည့်သားကောင် တစ်ကောင်ဖြင့်(အစားထိုး၍) ထိုသားတော်အား ရွေးယူတော်မူခဲ့၏။
ﭭﭮﭯﭰﭱ
37:108 ၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ထိုအီဗ်ရာဟီမ်နှင့်ပတ်သက်၍ (၎င်းအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။
ﭲﭳﭴﭵ
37:109 အီဗ်ရာဟီမ်၏အပေါ်ဝယ် "စလာမ်" ချမ်းမြေ့သာယာမှုသည် ကျရောက်ပါစေ။
ﭶﭷﭸﭹ
37:110 ဧကန်မလွဲ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။
ﭺﭻﭼﭽﭾ
37:111 ဧကန်စင်စစ် ထိုအီဗ်ရာဟီမ်သည် ငါအရှင်မြတ်၏ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ကျွန်တို့အနက် အပါအဝင်ဖြစ်၏။
ﭿﮀﮁﮂﮃﮄ
37:112 ၎င်းပြင် ငါအရှင်မြတ်သည် ထိုအီဗ်ရာဟီမ်အား "အစ်ဟာက်"နှင့်ပတ်သက်၍ နဗီတမန်တော်တစ်ပါး၊ သူတော်ကောင်းတစ်ပါး ဖြစ်မည့်အကြောင်း ဝမ်းမြောက်ဖွယ်သတင်း မိန့်ကြားတော်မူခဲ့၏။
ﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐ
37:113 ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအီဗ်ရာဟီမ်၏အပေါ်၌လည်းကောင်း၊ "အစ်ဟာက်"၏အပေါ်၌ လည်းကောင်း၊ ချမ်းသာကြောင်းကို ချပေးသနားတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့နှစ်ဦး၏ သားမြေးတို့အနက် သူတော်ကောင်းလည်းရှိ၏။ မိမိကိုယ်ကိုမိမိ အထင်အရှား နှိပ်စက်ကလူပြုသူလည်းရှိချေသတည်း။
ﮑﮒﮓﮔﮕﮖ
37:114 ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်)"မူစာ"၏အပေါ်၌လည်းကောင်း၊(နဗီတမန်တော်)"ဟာရူန်"၏အပေါ်၌လည်းကောင်း၊ ကျေးဇူးပြုတော်မူခဲ့၏။
ﮗﮘﮙﮚﮛﮜ
37:115 ထို့ပြင် ငါအရှင်မြတ်သည် ထို"မူစာ"နှင့်"ဟာရူန်" နှစ်ဦးတို့အားလည်းကောင်း၊ ထိုနှစ်ဦးတို့၏ အမျိုးသားတို့အားလည်းကောင်း၊ ကြီးကျယ်စွာ သော ပူပင်သောကမှ ကယ်တင်တော်မူခဲ့၏။
ﮝﮞﮟﮠﮡ
37:116 ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကူညီစောင်မတော်မူခဲ့ရာ ၎င်းတို့သည်ပင်လျှင် အောင်မြင်သူများ ဖြစ်ခဲ့ကြကုန်၏။
ﮢﮣﮤﮥ
37:117 ထို့ပြင် ငါအရှင်မြတ်သည် ထိုမူစာနှင့်ဟာရူန်နှစ်ဦးစလုံးကို ရှင်းလင်းပြတ်သားသော(တောင်ရာတ်) ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
ﮦﮧﮨﮩ
37:118 ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုမူစာနှင့်ဟာရူန်နှစ်ဦးစလုံးအား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ညွှန်ကြားပြသတော်မူခဲ့၏။
ﮪﮫﮬﮭﮮ
37:119 ၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ၎င်းတို့နှစ်ဦးစလုံးနှင့်ပတ်သက်၍ (၎င်းတို့နှစ်ဦးစလုံးအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။
ﮯﮰﮱﯓﯔ
37:120 စလာမ်" ငြိမ်းချမ်းသာယာမှုသည် မူစာ၏အပေါ်၌လည်းကောင်း၊ ဟာရူန်၏အပေါ်၌လည်းကောင်း၊ ကျရောက်ပါစေ။
ﯕﯖﯗﯘﯙ
37:121 ဧကန်မလွဲ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် သူတော်ကောင်းတို့အား အစားပေးလေ့ရှိတော်မူ၏။
ﯚﯛﯜﯝﯞ
37:122 ဧကန်စင်စစ် ထိုနှစ်ဦးစလုံးသည် ငါအရှင်မြတ်၏ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ကျွန်တို့တွင် အပါအဝင် ဖြစ်ကြကုန်သတည်း။
ﯟﯠﯡﯢﯣ
37:123 ထိုမှတစ်ပါး ဧကန်စင်စစ် "အီလ်ယာစ်" သည်"ရစူလ်" တမန်တော်တို့တွင် အမှန်ပင် တစ်ဦးအပါအဝင် ဖြစ်၏။
ﯤﯥﯦﯧﯨﯩ
37:124 တစ်ရံရောအခါဝယ် "အီလ်ယာစ်"သည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေ၏။ (အချင်းတို့၊)အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။
ﯪﯫﯬﯭﯮﯯ
37:125 အသင်တို့သည် အကောင်းဆုံး ဖန်ဆင်းတော်မူသော အရှင်မြတ်အား စွန့်ထားကြ၍ "ဗအ်လ်" (ဟုမည်တွင်သော ဆင်းတု)ကို ဟစ်ခေါ်(တသ ကိုးကွယ်ဆည်းကပ်)ကြလေသလော။
ﯰﯱﯲﯳﯴﯵ
37:126 အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ထိုနည်းတူစွာ အသင်တို့၏ ရှေးဟောင်းအဘ၊ ဘိုး၊ ဘေးများအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အား (စွန့်ထားကြ၍)။
ﭑﭒﭓﭔ
37:127 သို့တစေလည်း ၎င်းတို့သည် ထို(နဗီတမန်တော်) အီလ်ယာစ်အား မုသာဝါဒီဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ၊ ဧကန်စင်စစ် ၎င်းတို့သည် (ငါအရှင်မြတ်၏) ရှေ့တော်မှောက်သို့ သွင်းခြင်းခံကြရမည့်သူများ အမှန်ပင်ဖြစ်ကြကုန်၏။
ﭕﭖﭗﭘﭙ
37:128 သို့ရာတွင် ရွေးချယ်ခြင်း ခံခဲ့ကြရလေသော အလ္လာဟ်အရှင်မြတ်၏ ကျွန်တို့မှာမူကား (ကောင်းမြတ်သော အကျိုးကျေးဇူးကို ခံစားကြရပေမည်)။
ﭚﭛﭜﭝﭞ
37:129 စင်စစ် ငါအရှင်မြတ်သည် ထိုအီလ်ယာစ်နှင့်ပတ်သက်၍ နောင်လာနောက်သားတို့တွင် (၎င်းအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။
ﭟﭠﭡﭢﭣ
37:130 စလာမ်" ငြိမ်းချမ်း သာယာမှုသည် "အီလ်ယာစီန်" ၏အပေါ်ဝယ် ကျရောက်ပါစေ။
ﭤﭥﭦﭧﭨ
37:131 ဧကန်မလွဲ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။
ﭩﭪﭫﭬﭭ
37:132 စင်စစ်ဧကန် ထို"အီလ်ယာစီန်"သည် ငါအရှင်မြတ်၏ သက်ဝင်ယုံကြည်ကုန်သော ကျွန်တို့တွင် တစ်ဦးအပါအဝင် ဖြစ်ချေသတည်း။
ﭮﭯﭰﭱﭲ
37:133 ထိုမှတစ်ပါး ဧကန်မလွဲ"လူတ်"သည်လည်း"ရစူလ်" တမန်တော်တို့တွင် အပါအဝင်ဖြစ်လေ၏။
ﭳﭴﭵﭶﭷ
37:134 အကြင်အခါဝယ် ငါအရှင်မြတ်သည် ထို "လူတ်"အားလည်းကောင်း၊ ထို"လူတ်"၏ အိမ်သူအိမ်သား အားလုံးတို့ကိုလည်းကောင်း၊ ကယ်တင်တော်မူခဲ့၏။
ﭸﭹﭺﭻﭼ
37:135 သို့ရာတွင် အမယ်အိုတစ်ဦးမှာ ကျန်ရစ်ခဲ့သူတို့တွင် ပါဝင်ခဲ့၏။
ﭽﭾﭿﮀ
37:136 ထို့နောက် ငါအရှင်မြတ်သည် အခြားသောသူတို့အား ဖျက်ဆီးတော်မူခဲ့၏။
ﮁﮂﮃﮄﮅ
37:137 စင်စစ်ဆိုသော် မုချဧကန် အသင်တို့သည် နေ့အခါ၌ ၎င်းတို့၏(ပျက်စီးနေသောမြို့ရွာ)အနီးမှ ဖြတ်သန်းသွားလာလျက်ပင် ရှိကြကုန်၏။
ﮆﮇﮈﮉﮊ
37:138 ထိုနည်းတူစွာ (အသင်တို့သည်) ညဉ့်အခါ၌လည်း(ဖြတ်သန်းသွားလာလျက် ရှိကြပေသည်၊)သို့ပါလျက် အသင်တို့သည် (မစဉ်းစားမဆင်ခြင်) မသိ နားမလည်ကြလေသလော။
ﮋﮌﮍﮎﮏ
37:139 ထိုမှတစ်ပါး ဧကန်အမှန် "ယူနွတ်စ်"သည်လည်း "ရစူလ်" တမန်တော်တစ်ဦးဖြစ်ခဲ့၏။
ﮐﮑﮒﮓﮔﮕ
37:140 အခါတစ်ပါး၌ ထို "ယူနွတ်စ်" သည် ကုန်စည်အပြည့်တင်ထားသော သင်္ဘော၏အနီးသို့ ပြေး၍သွားခဲ့လေ၏။
ﮖﮗﮘﮙﮚ
37:141 ထို့နောက် ထို"ယူနွတ်စ်"သည်(သင်္ဘောသားများ) မဲစာရေးတံချရာတွင် ပါဝင်မဲချစေခဲ့ရာ၊ ၎င်းမှာ အရေးရှုံးနိမ့်သူ ဖြစ်ခဲ့ရလေ၏။
ﮛﮜﮝﮞﮟ
37:142 ထို့နောက် ထိုယူနွတ်စ်သည် မိမိကိုယ်ကိုမိမိ အပြစ်တင်လျက်ရှိနေစဉ် ငါးသည် ၎င်းအား မျိုခဲ့လေ၏။
ﮠﮡﮢﮣﮤﮥ
37:143 စင်စစ်သော်ကား အကယ်၍သာ ထို"ယူနွတ်စ်"သည် (ငါအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုသူ မဖြစ်ခဲ့မူ။
ﮦﮧﮨﮩﮪﮫﮬ
37:144 အမှန်ပင် ထို"ယူနွတ်စ်" သည် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တိုင်အောင် ထိုငါး၏ ဝမ်းဗိုက်ထဲ၌သာ နေခဲ့ရပေမည်။
ﮭﮮﮯﮰﮱﯓ
37:145 ထို့နောက် ငါအရှင်မြတ်သည် ထို"ယူနွတ်စ်"အား လွင်တီးပြင်၌ချတော်မူခဲ့ရာ ၎င်းမှာ နွမ်းရိလျက်ရှိခဲ့၏။
ﯔﯕﯖﯗﯘﯙ
37:146 ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အပေါ်၌နွယ်တက်သော အပင်တစ်ပင်ကို ပေါက်ရောက်စေတော်မူခဲ့၏။
ﯚﯛﯜﯝﯞﯟﯠ
37:147 ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား (လူဦးရေ)တစ်သိန်း သို့မဟုတ် တစ်သိန်းကျော်ရှိ အမျိုးသားတို့ထံ(ရစူလ်တမန်တော်အဖြစ်) စေလွှတ်တော်မူခဲ့၏။
ﯡﯢﯣﯤﯥ
37:148 ထိုအခါ ၎င်းအမျိုးသားတို့သည် "အီမာန်"သက်ဝင်ယုံကြည်ခဲ့ကြပေရာ ငါအရှင်မြတ်သည် ၎င်းတို့ အားသတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် အကျိုးကျေးဇူးခံစားခွင့် ပေးသနားတော်မူခဲ့ပေသတည်း။
ﯦﯧﯨﯩﯪﯫ
37:149 ယခုသော် အသင်သည် ၎င်းတို့အား မေးမြန်းပါလေ။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၌ သမီးမိန်းကလေးများရှိကြ၍၊ ၎င်းတို့၌မူကား သားယာက်ျားကလေးများ ရှိကြလေသလော။
ﯬﯭﯮﯯﯰﯱﯲ
37:150 သို့တည်းမဟုတ် ငါအရှင်မြတ်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား မိန်းမများအဖြစ် ဖန်ဆင်းတော်မူခဲ့သည်ကိုလည်းကောင်း၊ သို့ ကြည့်ရှုလျက် ရှိခဲ့ကြလေသလော။
ﯳﯴﯵﯶﯷﯸ
37:151 ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်အမှန် ၎င်းတို့သည် မိမိတို့၏ လီဆယ်မှုဖြင့်သာ ပြောဆိုနေကြသည်။
ﯹﯺﯻﯼﯽ
37:152 အလ္လာဟ်အရှင်မြတ်သည် (သားသမီး) မွေးဖွားတော်မူသည်" ဟု။ သို့ရာတွင် စင်စစ်ဧကန် ၎င်းတို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
ﯾﯿﰀﰁﰂ
37:153 အလ္လာဟ်အရှင်မြတ်သည် သမီးမိန်းကလေးများအား သားယောက်ျားကလေးများထက် ဦးစားပေးတော်မူခဲ့သလော။
ﭑﭒﭓﭔﭕ
37:154 အသင်တို့၌ မည်သို့သော အကြောင်းပြချက်ရှိသနည်း။ အသင်တို့သည် မည်သို့ အဆုံးအဖြတ်ပေးကြသနည်း။
ﭖﭗﭘ
37:155 အသင်တို့သည် ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။
ﭙﭚﭛﭜﭝ
37:156 သို့တည်းမဟုတ် အသင်တို့၌ ထင်ရှားစွာသော သက်သေအထောက်အထား တစ်စုံတစ်ရာ ရှိလေသလော။
ﭞﭟﭠﭡﭢﭣ
37:157 သို့ရှိခဲ့လျှင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြပါမူ မိမိတို့၏ကျမ်းဂန်ကို ယူလာ (တင်ပြ)ကြလေကုန်။
ﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯ
37:158 ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့၏စိတ်ကူးဖြင့်) ထိုအရှင်မြတ်နှင့် ဂျင်(န်)သတ္တဝါတို့၏ အကြားဝယ် ဆွေမျိုးတော်စပ်မှုကို ဖန်တီးခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ဂျင်(န်)သတ္တဝါတို့ကိုယ်တိုင် မိမိတို့မှာ (ပြစ်ဒဏ်၌)အမှန်ပင် အဆင်သင့် ရောက်ရှိစေခြင်း ခံကြရမည့်သူများဖြစ်ကြသည်ကို ကောင်းစွာသိရှိပြီး ဖြစ်ကြကုန်၏။
ﭰﭱﭲﭳﭴ
37:159 အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ကြံဖန်ပြောဆိုကြသည်တို့မှ လုံးဝ ကင်းရှင်းစင်ကြယ်တော်မူ၏။
ﭵﭶﭷﭸﭹ
37:160 သို့ရာတွင် ရွေးချယ်ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ကျွန်များမှာမူကား (ပြစ်ဒဏ်မှ ကင်းလွတ်ကြကုန် အံ့သတည်း)။
ﭺﭻﭼﭽ
37:161 သို့ဖြစ်ရာ အသင်တို့သည်လည်းကောင်း၊ အသင်တို့၏ ဆည်းကပ် ကိုးကွယ်ရာတို့သည်လည်းကောင်း။
ﭾﭿﮀﮁﮂ
37:162 အသင်တို့သည် (အားလုံးစုရုံးလျက်ပင်)ထိုအရှင်မြတ်ဘက်မှ သွေးဆောင်နိုင်ကြသူများ မဟုတ်ကြပေ။ (တစ်နည်း) ထိုအသင်တို့၏ ကိုးကွယ်ရာဘက်သို့ သွေးဆောင်နိုင်ကြသူများ မဟုတ်ကြပေ။
ﮃﮄﮅﮆﮇﮈ
37:163 ဂျဟန္နမ်" ငရဲဘုံ၌ ကျရောက်အံ့သောသူမှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှပင်။
ﮉﮊﮋﮌﮍﮎﮏ
37:164 (ကောင်းကင်တမန်များ)က စင်စစ်သော်ကား ကျွန်ုပ်တို့အနက် အသီးသီးအဖို့ အဆင့်အတန်း တစ်ခုစီ သတ်မှတ်ပြီး ဖြစ်သည်။
ﮐﮑﮒﮓ
37:165 ၎င်းပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် စီတန်း၍နေကြသူများပင် ဖြစ်ကြကုန်သည်။
ﮔﮕﮖﮗ
37:166 ထိုမှတစ်ပါး ဧကန်စင်စစ် ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်) စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုသူများပင် ဖြစ်ကြကုန်သည်။ (ဟုဆိုကြသည်)။
ﮘﮙﮚﮛ
37:167 စင်စစ်သော်ကား ဧကန်မလွဲ ထို(မုရှ်ရစ်က်) တို့သည် (ဤသို့)ပြောဆိုလျက် ရှိခဲ့ကြကုန်၏။
ﮜﮝﮞﮟﮠﮡﮢ
37:168 ဧကန်အမှန် အကယ်၍သာ ကျွန်ုပ်တို့ထံ၌ ရှေးသူဟောင်းတို့၏ဆုံးမဩဝါဒ တစ်စုံတစ်ရာရှိခဲ့မူ။
ﮣﮤﮥﮦﮧ
37:169 အမှန်ပင် ကျွန်ုပ်တို့သည် ရွေးချယ်ခြင်းခံကြရသော အလ္လာဟ်အရှင်မြတ်၏ကျွန်များပင် ဖြစ်ကြမည်။
ﮨﮩﮪﮫﮬﮭ
37:170 သို့ပါလျက် ၎င်းတို့သည် ယင်းဆုံးမဩဝါဒကို ငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် မကြာမြင့်မီပင် သိရှိကြရမည်။
ﮮﮯﮰﮱﯓﯔ
37:171 အမှန်သော်ကား ငါအရှင်မြတ်၏ ရစူလ်တမန်တော်များဖြစ်ကြသော ကျွန်တို့နှင့်ပတ်သက်၍ ငါအရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်သည် ရှေးဦး မဆွကပင် သတ်မှတ်ပြီးဖြစ်ခဲ့ပြီ။
ﯕﯖﯗﯘ
37:172 ဧကန်အမှန် ၎င်းတို့သည်သာလျှင် ကူညီစောင်မခြင်း ခံကြရမည့်သူများ ဖြစ်ကြောင်း။
ﯙﯚﯛﯜﯝ
37:173 စင်စစ်သော်ကား ဧကန်အမှန် ငါအရှင်မြတ်၏ တပ်မတော်သည်သာလျှင် လွှမ်းမိုးမည်ပင်။
ﯞﯟﯠﯡﯢ
37:174 သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား အချိန်ကာလ အနည်းငယ်တိုင်အောင် လျစ်လျူရှု၍ နေပါလေ။
ﯣﯤﯥﯦ
37:175 ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ကြည့်နေပါလေ။ ထို့နောက် မကြာမြင့်မီပင် ၎င်းတို့သည်လည်း မြင်ကြရပေမည်။
ﯧﯨﯩ
37:176 ၎င်းတို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကို အလျင်စလို တောင်းဆိုကြလေသလော။
ﯪﯫﯬﯭﯮﯯﯰ
37:177 စင်စစ်သော်ကား ယင်းပြစ်ဒဏ်သည် ၎င်းတို့၏အိမ်ဝင်းထဲ၌ ကျရောက်လာသောအခါ သတိပေးနှိုးဆော်ခြင်းခံ ကြရသောသူများ၏ နံနက်အချိန်ပင် အချိန်မှာ အလွန်ဆိုးရွားလှသော နံနက်အချိန်ပင် ဖြစ်ချိမ့်မည်။
ﯱﯲﯳﯴﯵ
37:178 (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား အချိန်ကာလ အနည်းငယ်တိုင်အောင် လျစ်လျူ၍ နေပါလေ။
ﯶﯷﯸﯹ
37:179 ထို့ပြင် အသင်သည် ကြည့်၍သာနေပါလေ။ ထို့နောက် ၎င်းတို့သည်လည်း မကြာမြင့်မီပင် မြင်ကြရကုန်အံ့သတည်း။
ﯺﯻﯼﯽﯾﯿﰀ
37:180 အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော၊ အနန္တ ဂုဏ်ထူးရှင် ဖြစ်တော်မူသော အရှင်မြတ်သည် ၎င်းတို့ ကြံဖန်ပြောဆိုကြသည်တို့မှ လုံးဝ ကင်းရှင်းစင်ကြယ်တော်မူပါဘိတကား။
ﰁﰂﰃﰄ
37:181 ၎င်းပြင် ချမ်းမြေ့သာယာမှုသည် "ရစူလ်"တမန်တော်တို့အပေါ်ဝယ် ကျရောက်ပါစေသော်။
ﰅﰆﰇﰈﰉ
37:182 ထိုမှတစ်ပါး ချီးမွမ်းထောပနာ အလုံးစုံတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်သာ အပ်စပ်ပေသတည်း။

ကုရ်အာန်ကျမ်း


Wednesday, September 9, 2026

Don't forget us in your sincere prayers