အစ်-စဖ်ဖာ့တ် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အစ်-စဖ်ဖာ့တ် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (182 အာယာသ် — مكية). အစ်-စဖ်ဖာ့တ် နားထောင်, အစ်-စဖ်ဖာ့တ် ဘာသာပြန်, အစ်-စဖ်ဖာ့တ် mp3, အစ်-စဖ်ဖာ့တ် pdf.

အစ်-စဖ်ဖာ့တ် စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
وَالصَّافَّاتِ صَفًّا ۝١
📖 ဘာသာပြန် အာယာသ် 1
(ငါအရှင်မြတ်သည်) အနေအထားကျနစွာ တန်းစီ မတ်တတ်ရပ်ကြသူတို့အား သက်သေထူတော်မူ၏။
فَالزَّاجِرَاتِ زَجْرًا ۝٢
📖 ဘာသာပြန် အာယာသ် 2
တစ်ဖန် (ငါအရှင်မြတ်သည်) ငေါက်ငမ်းလျက် မောင်းနှင်သူတို့အား သက်သေထူတော်မူ၏။
فَالتَّالِيَاتِ ذِكْرًا ۝٣
📖 ဘာသာပြန် အာယာသ် 3
ထို့နောက်တစ်ဖန် (ငါအရှင်မြတ်သည်) "ဇစ်က်ရ်"ကမ္မဋ္ဌာန်းကို စီးဖြန်းသရဇ္ဈာယ်ကြသူတို့အား (တစ်နည်း) ကျက်မှတ်ရွတ်ဖတ် သရဇ္ဈာယ်သူတို့အား သက်သေထူတော်မူ၏။
إِنَّ إِلَٰهَكُمْ لَوَاحِدٌ ۝٤
📖 ဘာသာပြန် အာယာသ် 4
မလွဲဧကန် အသင်တို့၏ ဆည်းကပ်ကိုးကွယ်ရာအရှင်ကား တစ်ဆူတည်းသာလျှင် ဖြစ်တော်မူ၏။
رَّبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا وَرَبُّ الْمَشَارِقِ ۝٥
📖 ဘာသာပြန် အာယာသ် 5
(ထိုအရှင်မြတ်သည်) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခုလုံး၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းစိုးပိုင်တော်မူသောအရှင်၊ ထိုမှတစ်ပါး နေထွက်ရာအရပ်များကို ဖန်ဆင်းစိုးပိုင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
إِنَّا زَيَّنَّا السَّمَاءَ الدُّنْيَا بِزِينَةٍ الْكَوَاكِبِ ۝٦
📖 ဘာသာပြန် အာယာသ် 6
ဧကန်စင်စစ် ငါအရှင်မြတ်သည် အောက်ဆုံးဖြစ်သော မိုးကောင်းကင်ကို ကြယ်နက္ခတ်များတည်းဟူသော အဆင်အယင်ဖြင့် တန်ဆာဆင်ယင်တော်မူခဲ့၏။
وَحِفْظًا مِّن كُلِّ شَيْطَانٍ مَّارِدٍ ۝٧
📖 ဘာသာပြန် အာယာသ် 7
၎င်းပြင် (ငါအရှင်မြတ်သည်) "ရှိုင်တွာန်" မိစ္ဆာကောင်အသီးသီးမှ အကာအကွယ် ပြုလုပ်တော် မူခဲ့၏။
لَّا يَسَّمَّعُونَ إِلَى الْمَلَإِ الْأَعْلَىٰ وَيُقْذَفُونَ مِن كُلِّ جَانِبٍ ۝٨
📖 ဘာသာပြန် အာယာသ် 8
ထို "ရှိုင်တွာန်" မိစ္ဆာကောင်များသည် အထက်ကောင်းကင်ရှိ ပရိသတ်မြို့တော်သို့ (သွားရောက်) နားစွင့်နိုင်ခြင်း မရှိကြသည့်ပြင် ၎င်းတို့သည် အဖက်ဖက်မှ (မီးတောက် ကြယ်ပျံဖြင့်) ပစ်ပေါက်ခြင်းကို ခံကြရကုန်၏။
دُحُورًا ۖ وَلَهُمْ عَذَابٌ وَاصِبٌ ۝٩
📖 ဘာသာပြန် အာယာသ် 9
နှင်ထုတ်ခြင်းခံကြရလျက်၊ ထိုမှတစ်ပါး ၎င်းတို့၌ ထာဝစဉ်ခံကြရအံ့သော ပြစ်ဒဏ်သည်လည်း ရှိပေဦးမည်။
إِلَّا مَنْ خَطِفَ الْخَطْفَةَ فَأَتْبَعَهُ شِهَابٌ ثَاقِبٌ ۝١٠
📖 ဘာသာပြန် အာယာသ် 10
သို့ရာတွင် အကြင်"ရှိုင်တွာန်" မိစ္ဆာကောင်သည်(သတင်းတစ်စုံတစ်ရာကို) ရုတ်တရက် သုတ်ယူခဲ့မူ တောက်လောင်သော မီးတောက်တစ်ခုသည် ၎င်း၏နောက်သို့ ထက်ကြပ်မကွာ လိုက်ခဲ့လေတော့သတည်း။
فَاسْتَفْتِهِمْ أَهُمْ أَشَدُّ خَلْقًا أَم مَّنْ خَلَقْنَا ۚ إِنَّا خَلَقْنَاهُم مِّن طِينٍ لَّازِبٍ ۝١١
📖 ဘာသာပြန် အာယာသ် 11
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား မေးမြန်းပါလေ။ ၎င်းတို့အား ဖန်ဆင်းခြင်းသည် ပို၍ခဲယဉ်းလေသလော၊ သို့မဟုတ် ငါအရှင်မြတ် ဖန်ဆင်းတော်မူခဲ့သည့် (ကြယ်နက္ခတ်၊ မိုးကောင်းကင်၊ ပထဝီမြေ၊ အဖန်ဆင်းခံများအား ဖန်ဆင်းတော်မူခြင်းသည် ပို၍ခဲယဉ်းလေသလော)။ဧကန်မလွဲ ငါ အရှင်မြတ်သည် ၎င်းတို့အား စေးကပ်သော မြေကြီးမြေစေးဖြင့် ဖန်ဆင်းတော်မူခဲ့၏။
بَلْ عَجِبْتَ وَيَسْخَرُونَ ۝١٢
📖 ဘာသာပြန် အာယာသ် 12
စင်စစ်မှာကား (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့၏ ငြင်းပယ်မှုကြောင့်)အံ့ဩ၍နေပေသည်။ သို့ရာတွင် ၎င်းတို့မှာမူကား(အသင့်အား)ပြက်ရယ်သမှု ပြုကြကုန်၏။
وَإِذَا ذُكِّرُوا لَا يَذْكُرُونَ ۝١٣
📖 ဘာသာပြန် အာယာသ် 13
၎င်းပြင် သတိပေးဆုံးမခြင်းကို ခံကြရသောအခါ ၎င်းတို့သည် တရားရကြသည် မဟုတ်ပေ။
وَإِذَا رَأَوْا آيَةً يَسْتَسْخِرُونَ ۝١٤
📖 ဘာသာပြန် အာယာသ် 14
ထို့ပြင် ၎င်းတို့သည် သက်သေလက္ခဏာ တစ်ရပ်ရပ်ကို တွေ့မြင်ကြသောအခါ၊ ပြက်ရယ် ပြောင်လှောင်ကြကုန်၏။
وَقَالُوا إِنْ هَٰذَا إِلَّا سِحْرٌ مُّبِينٌ ۝١٥
📖 ဘာသာပြန် အာယာသ် 15
ထိုမှတစ်ပါး ၎င်းတို့က ပြောဆိုကြကုန်၏။ ဤသည် ထင်ရှားစွာသော ပဉ္စလက်အတတ်ပညာမျှသာ ဖြစ်ပေသည်။
أَإِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَإِنَّا لَمَبْعُوثُونَ ۝١٦
📖 ဘာသာပြန် အာယာသ် 16
မည်သို့နည်း ကျွန်ုပ်တို့သည် သေဆုံးကြပြီး မြေကြီးဖြစ်သွားကြသောအခါ ကျွန်ုပ်တို့သည် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။
أَوَآبَاؤُنَا الْأَوَّلُونَ ۝١٧
📖 ဘာသာပြန် အာယာသ် 17
၎င်းပြင် ရှေးသူဟောင်းများဖြစ်ကြသော ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးတို့သည်လည်း(ရှင်ပြန်ထကြရဦးမည်လော)။
قُلْ نَعَمْ وَأَنتُمْ دَاخِرُونَ ۝١٨
📖 ဘာသာပြန် အာယာသ် 18
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ "ဟုတ်ပေသည်"(အသင်တို့သည် အမှန်ပင် ရှင်ပြန်ထကြရပေမည်)။ ၎င်းပြင် အသင်တို့သည် ဂုဏ်ရည် သေးသိမ်သူများလည်း ဖြစ်ကြရပေဦးမည်။
فَإِنَّمَا هِيَ زَجْرَةٌ وَاحِدَةٌ فَإِذَا هُمْ يَنظُرُونَ ۝١٩
📖 ဘာသာပြန် အာယာသ် 19
စင်စစ်မှာကား ယင်းသည် ပြင်းထန်စွာသော အသံတစ်ခုမျှသာလျှင် ဖြစ်ပေမည်။ ထိုအခါ ရုတ်တရက် ၎င်းတို့သည် (ကြောက်ရွံ့ထိတ်လန့်စွာ) ကြည့်ရှုလျက် ရှိကြကုန်အံ့သတည်း။
وَقَالُوا يَا وَيْلَنَا هَٰذَا يَوْمُ الدِّينِ ۝٢٠
📖 ဘာသာပြန် အာယာသ် 20
ထိုမှတစ်ပါး ၎င်းတို့က "ဪ-ငါတို့သည် အကျိုးနည်း ပျက်စီးကြရလေခြင်း၊ ဤသည် အစားပေးမည့်နေ့ပါတကား"ဟု ပြောဆို ညည်းညူကြပေမည်။
هَٰذَا يَوْمُ الْفَصْلِ الَّذِي كُنتُم بِهِ تُكَذِّبُونَ ۝٢١
📖 ဘာသာပြန် အာယာသ် 21
ဤကား မဟုတ်မမှန်ဟူ၍ အသင်တို့ ငြင်းပယ်လျက်ရှိခဲ့ကြသော စီရင်ဆုံးဖြတ်မည့်နေ့ပင်ဖြစ်ပေသည်။
۞ احْشُرُوا الَّذِينَ ظَلَمُوا وَأَزْوَاجَهُمْ وَمَا كَانُوا يَعْبُدُونَ ۝٢٢
📖 ဘာသာပြန် အာယာသ် 22
(ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်များအား မိန့်ကြားတော်မူပေမည်)။ အသင်တို့သည်(မိမိတို့ကိုယ်ကို)နှိပ်စက်ကလူပြုခဲ့ကြသော သူတို့အားလည်းကောင်း၊ ထိုသူတို့နှင့် ဝါဒတူဖြစ်ကြသော အဖော်အဖက်တို့အားလည်းကောင်း၊ ထိုသူတို့ ဆည်းကပ်ကိုးကွယ်ခဲ့ကြသည်တို့အားလည်းကောင်း၊ စုရုံးကြလေကုန်။
مِن دُونِ اللَّهِ فَاهْدُوهُمْ إِلَىٰ صِرَاطِ الْجَحِيمِ ۝٢٣
📖 ဘာသာပြန် အာယာသ် 23
အလ္လာဟ်အရှင်မြတ်အားစွန့်၍၊ တစ်ဖန် အသင်တို့သည် ၎င်းတို့အားလုံးကိုပင် "ဂျဟန္နမ်"ငရဲဘုံ၏လမ်းအတိုင်း ခေါ်ဆောင်သွားကြလေကုန်။
وَقِفُوهُمْ ۖ إِنَّهُم مَّسْئُولُونَ ۝٢٤
📖 ဘာသာပြန် အာယာသ် 24
ထိုမှတစ်ပါး အသင်တို့သည် ၎င်းတို့အား(အနည်းငယ်) ဆိုင်းငံ့၍ထားကြလေကုန်။ ဧကန်မလွဲ ၎င်းတို့သည် စစ်ဆေးမေးမြန်းခြင်း ခံကြရမည့်သူများပင် ဖြစ်ကြကုန်၏။
مَا لَكُمْ لَا تَنَاصَرُونَ ۝٢٥
📖 ဘာသာပြန် အာယာသ် 25
အသင်တို့သည် မည်သည့်အကြောင်းကြောင့် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ကူညီယိုင်းပင်းခြင်း မပြုကြပေသနည်း။
بَلْ هُمُ الْيَوْمَ مُسْتَسْلِمُونَ ۝٢٦
📖 ဘာသာပြန် အာယာသ် 26
စင်စစ်မှာကား ၎င်းတို့သည် ထိုနေ့တွင် ဦးခေါင်းညွှတ်ချ အညံ့ခံကြပေမည်။
وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَاءَلُونَ ۝٢٧
📖 ဘာသာပြန် အာယာသ် 27
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အချင်းချင်း တစ်ဦးဖက်သို့ တစ်ဦးလှည့်ကာ အပြန်အလှန် မေးမြန်းကြပေမည်။
قَالُوا إِنَّكُمْ كُنتُمْ تَأْتُونَنَا عَنِ الْيَمِينِ ۝٢٨
📖 ဘာသာပြန် အာယာသ် 28
၎င်းတို့ (အနက်မှ နောက်လိုက်များ)က (ခေါင်းဆောင်များအား) "ဧကန်စင်စစ် အသင်တို့သည် အရှိန်အစော်ကြီးစွာဖြင့် ကျွန်ုပ်တို့ထံ လာရောက်လေ့ ရှိခဲ့ကြသည်" ဟုပြောဆိုကြပေမည်။
قَالُوا بَل لَّمْ تَكُونُوا مُؤْمِنِينَ ۝٢٩
📖 ဘာသာပြန် အာယာသ် 29
(ထိုအခါ) ၎င်းတို့(အား ခေါင်းဆောင်များ)ကပြောဆို ဖြေကြားကြပေမည်။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား အသင်တို့ကိုယ်တိုင် "မုအ်မင်န်" သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြပေ။
وَمَا كَانَ لَنَا عَلَيْكُم مِّن سُلْطَانٍ ۖ بَلْ كُنتُمْ قَوْمًا طَاغِينَ ۝٣٠
📖 ဘာသာပြန် အာယာသ် 30
ထိုမှတစ်ပါး ကျွန်ုပ်တို့၌ အသင်တို့အပေါ်ဝယ် ဩဇာအာဏာ တစ်စုံတစ်ရာမျှလည်း မရှိခဲ့ပေ။ စင်စစ်မှာကား အသင်တို့ ကိုယ်တိုင်ပင် လွန်စွာ သောင်းကျန်းဆိုးသွမ်းများ ဖြစ်ခဲ့ကြပေသည်။
فَحَقَّ عَلَيْنَا قَوْلُ رَبِّنَا ۖ إِنَّا لَذَائِقُونَ ۝٣١
📖 ဘာသာပြန် အာယာသ် 31
အမှန်သော်ကား "ကျွန်ုပ်တို့သည် ဧကန်အမှန်(ပြစ်ဒဏ်၏) အရသာကို မြည်းစမ်းမည့်သူများ ဖြစ်ကြသည်"ဟူသော ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏မိန့်ကြားချက်သည် ကျွန်ုပ်တို့အားလုံးအပေါ်၌ မှန်ကန်ကြောင်း ထင်ရှားလေသည်။
فَأَغْوَيْنَاكُمْ إِنَّا كُنَّا غَاوِينَ ۝٣٢
📖 ဘာသာပြန် အာယာသ် 32
သို့ဖြစ်ပေရာ ကျွန်ုပ်တို့သည် အသင်တို့အား လမ်းလွဲစေခဲ့ကြကုန်၏။ ဧကန်အမှန် ကျွန်ုပ်တို့ကိုယ်တိုင်လည်း လမ်းလွဲသူများပင် ဖြစ်ခဲ့ကြကုန်၏။
فَإِنَّهُمْ يَوْمَئِذٍ فِي الْعَذَابِ مُشْتَرِكُونَ ۝٣٣
📖 ဘာသာပြန် အာယာသ် 33
သို့ဖြစ်သောကြောင့် စင်စစ်ဧကန် ၎င်းတို့အားလုံးသည် ထိုနေ့တွင် ပြစ်ဒဏ်၌(ခံစား)သူများပင် ဖြစ်ကြပေမည်။
إِنَّا كَذَٰلِكَ نَفْعَلُ بِالْمُجْرِمِينَ ۝٣٤
📖 ဘာသာပြန် အာယာသ် 34
မလွဲဧကန် ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား ဤအတိုင်းပင် ပြုလုပ်လေ့ရှိတော်မူ၏။
إِنَّهُمْ كَانُوا إِذَا قِيلَ لَهُمْ لَا إِلَٰهَ إِلَّا اللَّهُ يَسْتَكْبِرُونَ ۝٣٥
📖 ဘာသာပြန် အာယာသ် 35
မုချဧကန် ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိဟု ၎င်းတို့အား ပြောဆိုခဲ့သောအခါ ၎င်းတို့သည် မာန်မာန ထောင်လွှားလေ့ရှိခဲ့ကြကုန်၏။
وَيَقُولُونَ أَئِنَّا لَتَارِكُو آلِهَتِنَا لِشَاعِرٍ مَّجْنُونٍ ۝٣٦
📖 ဘာသာပြန် အာယာသ် 36
ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့သည် ရူးသွပ်သော ကဗျာဆရာတစ်ဦး၏ပြောဆိုမှုကြောင့် မိမိတို့၏ ဆည်းကပ်ကိုးကွယ်ရာများကို စွန့်လွှတ်ကြရ မည်လောဟု ပြောဆိုလေ့ရှိကြကုန်၏။
بَلْ جَاءَ بِالْحَقِّ وَصَدَّقَ الْمُرْسَلِينَ ۝٣٧
📖 ဘာသာပြန် အာယာသ် 37
စင်စစ်မှာကား ထို(တမန်တော်မြတ်)သည် အမှန်တရားကို ယူဆောင်ခဲ့သည့်ပြင်(အခြားသော)"ရစူလ်"တမန်တော်အပေါင်းတို့အားလည်း (ဟုတ်မှန်ကြောင်း)ယုံကြည် ထောက်ခံခဲ့ပေသတည်း။
إِنَّكُمْ لَذَائِقُو الْعَذَابِ الْأَلِيمِ ۝٣٨
📖 ဘာသာပြန် အာယာသ် 38
ဧကန်မလွဲ အသင်တို့အားလုံးသည် နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မြည်းစမ်းကြရမည့်သူများ အမှန်ပင် ဖြစ်ကြကုန်၏။
وَمَا تُجْزَوْنَ إِلَّا مَا كُنتُمْ تَعْمَلُونَ ۝٣٩
📖 ဘာသာပြန် အာယာသ် 39
သို့ရာတွင် အသင်တို့သည် မိမိတို့ ကျင့်မူလျက်ရှိခဲ့ကြသော အမှုကိစ္စများ၏ အစားပေးခြင်းကိုသာလျှင် ခံကြရပေမည်။
إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ ۝٤٠
📖 ဘာသာပြန် အာယာသ် 40
သို့ရာတွင် ရွေးခြယ်ခြင်းကို ခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ်၏ ကျွန်များသည်၊
أُولَٰئِكَ لَهُمْ رِزْقٌ مَّعْلُومٌ ۝٤١
📖 ဘာသာပြန် အာယာသ် 41
ထိုသူတို့အဖို့မှာမူကား သတ်မှတ်ပြီးဖြစ်သော အစာအာဟာရသည် ရှိပေသည်။
فَوَاكِهُ ۖ وَهُم مُّكْرَمُونَ ۝٤٢
📖 ဘာသာပြန် အာယာသ် 42
သစ်သီးဝလံများပင်၊ ထိုမှတစ်ပါး ၎င်းတို့သည် ဂုဏ်အင် ချီးမြှင့်ခံကြရသူများ ဖြစ်ကြပေမည်။
فِي جَنَّاتِ النَّعِيمِ ۝٤٣
📖 ဘာသာပြန် အာယာသ် 43
စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသောဥယျာဉ်များ၌၊
عَلَىٰ سُرُرٍ مُّتَقَابِلِينَ ۝٤٤
📖 ဘာသာပြန် အာယာသ် 44
သလွန်များထက်ဝယ် မျက်နှာချင်းဆိုင်ထိုင်လျက် ရှိကြပေမည်။
يُطَافُ عَلَيْهِم بِكَأْسٍ مِّن مَّعِينٍ ۝٤٥
📖 ဘာသာပြန် အာယာသ် 45
၎င်းတို့ရှေ့ဝယ် သွင်သွင်စီးလျက်ရှိသော အရက်ဖြင့်ပြည့်လျှံနေသောဖလားသည် လှည့်ပတ်လျက်ရှိချေမည်။
بَيْضَاءَ لَذَّةٍ لِّلشَّارِبِينَ ۝٤٦
📖 ဘာသာပြန် အာယာသ် 46
အရောင်အသွေးဖြူသော၊ သောက်သုံးသူအဖို့ အရသာနှင့်ပြည့်စုံသော၊
لَا فِيهَا غَوْلٌ وَلَا هُمْ عَنْهَا يُنزَفُونَ ۝٤٧
📖 ဘာသာပြန် အာယာသ် 47
ထိုအရက်ကြောင့် မူးဝေခြင်း-ခေါင်းခဲခြင်းလည်း ရှိမည်မဟုတ်ပေ။ ထိုနည်းတူစွာ ယင်းအရက်ကြောင့် ၎င်းတို့သည် သတိလစ်ကြရမည်လည်း မဟုတ်ပေ။
وَعِندَهُمْ قَاصِرَاتُ الطَّرْفِ عِينٌ ۝٤٨
📖 ဘာသာပြန် အာယာသ် 48
ထိုမှတစ်ပါး ၎င်းတို့ထံတွင် မျက်စိကို အောက်သို့နှိမ့်ချထားသော၊ မျက်စိပြူး၍လှပသော ကြင်ဘက်များလည်း ရှိကြပေမည်။
كَأَنَّهُنَّ بَيْضٌ مَّكْنُونٌ ۝٤٩
📖 ဘာသာပြန် အာယာသ် 49
ထိုကြင်ဘက်များမှာကား လျှို့ဝှက်ဖုံးအုပ်လျက်ထားရှိသော ဥများပမာ ဖြစ်ကြကုန်အံ့သတည်း။
فَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَاءَلُونَ ۝٥٠
📖 ဘာသာပြန် အာယာသ် 50
ထို့နောက် ၎င်းတို့သည် မိမိတို့အချင်းချင်း တစ်ဦးဘက်သို့ တစ်ဦးလှည့်ကာ အပြန်အလှန် မေးမြန်းကြပေမည်။
قَالَ قَائِلٌ مِّنْهُمْ إِنِّي كَانَ لِي قَرِينٌ ۝٥١
📖 ဘာသာပြန် အာယာသ် 51
၎င်းတို့အနက် ပြောဆိုသူတစ်ဦးက (ဤသို့)ပြောဆိုပေမည်။ ကျွန်ုပ်တွင် အဖော်တစ်ယောက် ရှိခဲ့ဖူး၏။
يَقُولُ أَإِنَّكَ لَمِنَ الْمُصَدِّقِينَ ۝٥٢
📖 ဘာသာပြန် အာယာသ် 52
ထိုအဖော်သည် ကျွန်ုပ်အား ပြောဆို(မေးမြန်း)လေ့ရှိ၏။ အသင်သည်လည်း ("ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို) ယုံကြည်ထောက်ခံသူတစ်ဦး ဖြစ်လေသလော။
أَإِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَإِنَّا لَمَدِينُونَ ۝٥٣
📖 ဘာသာပြန် အာယာသ် 53
ကျွန်ုပ်တို့သည် သေဆုံး၍(အသားအရေတို့မှာ)မြေကြီးဖြစ်သွားပြီးလျှင် အရိုးများသာလျှင် ကျန်ရစ်သောအခါ အမှန်ပင် ကျွန်ုပ်တို့သည် အစားပေးခြင်းခံကြရသူများ ဖြစ်ကြရမည်လော။
قَالَ هَلْ أَنتُم مُّطَّلِعُونَ ۝٥٤
📖 ဘာသာပြန် အာယာသ် 54
(ထိုအခါ) ထိုအရှင်မြတ်သည် မိန့်ကြားတော်မူပေမည်။ (တစ်နည်း) ["ဂျန္နတ်" သုခဘုံ၌ အတူရှိနေသော အဖော်တစ်ဦးက ပြောဆိုပေမည်။] အသင်တို့သည် (ထိုအဖော်အား)ချောင်း၍ ကြည့်လိုကြလေသလော။
فَاطَّلَعَ فَرَآهُ فِي سَوَاءِ الْجَحِيمِ ۝٥٥
📖 ဘာသာပြန် အာယာသ် 55
ထို့နောက် ထိုသူသည် ချောင်း၍ကြည့်သောအခါ ထိုအဖော်အား "ဂျဟန္နမ်" ငရဲဘုံ၏အလယ်၌ တွေ့မြင်ပေမည်။
قَالَ تَاللَّهِ إِن كِدتَّ لَتُرْدِينِ ۝٥٦
📖 ဘာသာပြန် အာယာသ် 56
(ထိုအခါ) ၎င်းသည် ထိုအဖော်အား (ဤသို့)ပြောဆိုပေမည်။ အလ္လာဟ်အရှင်မြတ်၏ "ကစမ်" ဧကန်စင်စစ် အသင်သည် ကျွန်ုပ်အား ဖျက်ဆီးလု နီးနီး ဖြစ်ခဲ့ပေသည်။
وَلَوْلَا نِعْمَةُ رَبِّي لَكُنتُ مِنَ الْمُحْضَرِينَ ۝٥٧
📖 ဘာသာပြန် အာယာသ် 57
အမှန်သော်ကား အကယ်၍သာ ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်သာလျှင် မရှိခဲ့မူ အမှန်ပင် ကျွန်ုပ်သည်လည်း ဖမ်းဆီး အရေးယူခြင်းခံခဲ့ကြရသောသူတို့တွင် အပါအဝင် ဖြစ်မည်သာ။
أَفَمَا نَحْنُ بِمَيِّتِينَ ۝٥٨
📖 ဘာသာပြန် အာယာသ် 58
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် သေဆုံးကြအံ့သောသူများ မဟုတ်တော့ပြီလော။
إِلَّا مَوْتَتَنَا الْأُولَىٰ وَمَا نَحْنُ بِمُعَذَّبِينَ ۝٥٩
📖 ဘာသာပြန် အာယာသ် 59
ကျွန်ုပ်တို့သည် ပထမအကြိမ် သေဆုံးခဲ့ကြခြင်းမှအပ၊ ၎င်းပြင် ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်း ခံကြရမည့်သူများလည်း မဟုတ်ပြီ။
إِنَّ هَٰذَا لَهُوَ الْفَوْزُ الْعَظِيمُ ۝٦٠
📖 ဘာသာပြန် အာယာသ် 60
ဧကန်မလွဲ ဤသည်ပင်လျှင် ကြီးကျယ်စွာသော အောင်မြင်မှုတည်း။
لِمِثْلِ هَٰذَا فَلْيَعْمَلِ الْعَامِلُونَ ۝٦١
📖 ဘာသာပြန် အာယာသ် 61
(ကောင်းမြတ်သော အကျင့်သီလများကို) ကျင့်မူဆောက်တည်ကြသောသူတို့သည် ဤကဲ့သို့သော အောင်မြင်မှုရယူရန်) အလို့ငှာ ကျင့်မူ ဆောက်တည်ကြရာသတည်း။
أَذَٰلِكَ خَيْرٌ نُّزُلًا أَمْ شَجَرَةُ الزَّقُّومِ ۝٦٢
📖 ဘာသာပြန် အာယာသ် 62
ဤသည့်ဧည့်ခံပွဲသည် ပိုမို၍ကောင်းမြတ်လေသလော၊ သို့တည်းမဟုတ် ရှားစောင်းကြီးဆူးပင်သည် ပိုမို၍ကောင်းမြတ်လေသလော။
إِنَّا جَعَلْنَاهَا فِتْنَةً لِّلظَّالِمِينَ ۝٦٣
📖 ဘာသာပြန် အာယာသ် 63
ဧကန်အမှန် ငါအရှင်မြတ်သည် ယင်းသစ်ပင်ကို မတရားကျူးလွန်ကြသော သူတို့အဖို့ စမ်းသပ်မှုတစ်ရပ်ပင် ပြုလုပ်တော်မူခဲ့၏။
إِنَّهَا شَجَرَةٌ تَخْرُجُ فِي أَصْلِ الْجَحِيمِ ۝٦٤
📖 ဘာသာပြန် အာယာသ် 64
ဧကန်စင်စစ် ၎င်းမှာ "ဂျဟန္နမ်" ငရဲဘုံ၏အရင်း၌ပေါက်ရောက်သော သစ်ပင်တစ်ပင်ဖြစ်လေ၏။
طَلْعُهَا كَأَنَّهُ رُءُوسُ الشَّيَاطِينِ ۝٦٥
📖 ဘာသာပြန် အာယာသ် 65
ယင်းသစ်ပင်၏အသီးမှာ "ရှိုင်တွာန်" မိစ္ဆာကောင်များ၊ မြွေများ၏ပါးပျဉ်းများကဲ့သို့ပင်ဖြစ်ပေ၏။
فَإِنَّهُمْ لَآكِلُونَ مِنْهَا فَمَالِئُونَ مِنْهَا الْبُطُونَ ۝٦٦
📖 ဘာသာပြန် အာယာသ် 66
သို့ဖြစ်ပေရာ ဧကန်အမှန် ၎င်းတို့သည် ယင်းသစ်ပင်မှ အမှန်ပင် စားသုံးကြပေမည်။ ထို့နောက် ၎င်းတို့သည် ယင်းသစ်ပင်ဖြင့် ဝမ်းဗိုက်များကို ဖြည့်ကြပေမည်။
ثُمَّ إِنَّ لَهُمْ عَلَيْهَا لَشَوْبًا مِّنْ حَمِيمٍ ۝٦٧
📖 ဘာသာပြန် အာယာသ် 67
ထို့နောက် ထိုသူတို့သည် ၎င်း၏အပေါ်၌ ဝါ(ထိုအပင်ကို စားသုံးဖြည့်တင်းပြီးနောက်) ကျိုက်ကျိုက်ဆူပွက်သောရေနွေးကို ရောစပ်(၍သောက်စေ) ခြင်းကို ခံကြရပေမည်။
ثُمَّ إِنَّ مَرْجِعَهُمْ لَإِلَى الْجَحِيمِ ۝٦٨
📖 ဘာသာပြန် အာယာသ် 68
ထို့နောက် ဧကန်မုချ ၎င်းတို့သည် "ဂျဟန္နမ်"ငရဲဘုံသို့ အမှန်ပင် ပြန်ကြရပေမည်။
إِنَّهُمْ أَلْفَوْا آبَاءَهُمْ ضَالِّينَ ۝٦٩
📖 ဘာသာပြန် အာယာသ် 69
ဧကန်စင်စစ် ၎င်းတို့သည် မိမိတို့၏အဘ၊ ဘိုး၊ဘေးတို့အား လမ်းမှားသူများအဖြစ် တွေ့ရှိခဲ့ကြကုန်၏။
فَهُمْ عَلَىٰ آثَارِهِمْ يُهْرَعُونَ ۝٧٠
📖 ဘာသာပြန် အာယာသ် 70
သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုအဘ၊ ဘိုး၊ ဘေးတို့၏ခြေရာများပေါ်၌ လျင်မြန်စွာ ပြေးလျှောက် ခဲ့ကြလေသတည်း။
وَلَقَدْ ضَلَّ قَبْلَهُمْ أَكْثَرُ الْأَوَّلِينَ ۝٧١
📖 ဘာသာပြန် အာယာသ် 71
အမှန်သော်ကား မုချဧကန် ၎င်းတို့အလျင်လည်း ရှေးသူဟောင်းတို့အနက် များစွာသောသူတို့မှာ လမ်းမှားခဲ့ကြကုန်၏။
وَلَقَدْ أَرْسَلْنَا فِيهِم مُّنذِرِينَ ۝٧٢
📖 ဘာသာပြန် အာယာသ် 72
စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့တွင် သတိပေးနှိုးဆော်သူတို့အား စေလွှတ်တော်မူခဲ့၏။
فَانظُرْ كَيْفَ كَانَ عَاقِبَةُ الْمُنذَرِينَ ۝٧٣
📖 ဘာသာပြန် အာယာသ် 73
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် သတိပေး နှိုးဆော်ခြင်းခံခဲ့ကြရသောသူတို့၏ နောက်ဆုံးအကျိုးမှာ မည်ကဲ့သို့ဖြစ်ခဲ့သည်ကိုရှုပါလေ။
إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ ۝٧٤
📖 ဘာသာပြန် အာယာသ် 74
သို့ရာတွင် ရွေးချယ်ခြင်းခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ်၏ ကျွန်များမှာမူကား(လွတ်မြောက်ခဲ့ကြပေသတည်း)။
وَلَقَدْ نَادَانَا نُوحٌ فَلَنِعْمَ الْمُجِيبُونَ ۝٧٥
📖 ဘာသာပြန် အာယာသ် 75
၎င်းပြင် ဧကန်မလွဲ (နဗီတမန်တော်) "နူးဟ်"သည် ငါအရှင်မြတ်အား ဟစ်ခေါ်ခဲ့လေရာ ငါ အရှင်မြတ်သည်(နူးဟ်၏ပန်ကြားချက်ကို) အဘယ်မျှလောက် ကောင်းစွာ နားထောင်တော်မူသောအရှင်မြတ် ဖြစ်တော်မူဘိသနည်း။
وَنَجَّيْنَاهُ وَأَهْلَهُ مِنَ الْكَرْبِ الْعَظِيمِ ۝٧٦
📖 ဘာသာပြန် အာယာသ် 76
ထို့ပြင် ငါအရှင်မြတ်သည် ထိုနူးဟ်အားလည်းကောင်း၊ ထိုနူးဟ်၏ အိမ်သူအိမ်သားများအားလည်းကောင်း၊ ကြီးကျယ်လှစွာသော ပူပင်သောကမှ လွတ်မြောက်စေတော်မူခဲ့သည်။
وَجَعَلْنَا ذُرِّيَّتَهُ هُمُ الْبَاقِينَ ۝٧٧
📖 ဘာသာပြန် အာယာသ် 77
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုနူးဟ်၏ အဆက်အနွယ်ကိုသာလျှင် (မသေမကြေ မပျောက်မပျက်) ကျန်ရစ်စေတော်မူခဲ့၏။
وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ ۝٧٨
📖 ဘာသာပြန် အာယာသ် 78
၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ထို"နူးဟ်"နှင့်ပတ်သက်၍ (၎င်းအား ကောင်းမွန်စွာ သတိရစေခြင်းကို) ရှိစေတော်မူခဲ့၏။
سَلَامٌ عَلَىٰ نُوحٍ فِي الْعَالَمِينَ ۝٧٩
📖 ဘာသာပြန် အာယာသ် 79
ခပ်သိမ်းကုန်သော ကမ္ဘာသူကမ္ဘာသားများ တွင်"နူးဟ်" ၏အပေါ်ဝယ် "စလာမ်" ချမ်းမြေ့ သာယာမှုသည်ကျရောက်ပါစေ။
إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ ۝٨٠
📖 ဘာသာပြန် အာယာသ် 80
ဧကန်မလွဲ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးတော်မူ၏။
إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ ۝٨١
📖 ဘာသာပြန် အာယာသ် 81
ဧကန်စင်စစ် ထိုနူးဟ်သည် ငါအရှင်မြတ်၏"မုအ်မင်န်" သက်ဝင်ယုံကြည်ကုန်သော ကျွန်တို့တွင် အပါအဝင်ဖြစ်၏။
ثُمَّ أَغْرَقْنَا الْآخَرِينَ ۝٨٢
📖 ဘာသာပြန် အာယာသ် 82
ထို့နောက် ငါအရှင်မြတ်သည် အခြားသောသူတို့အား နှစ်မြှုပ်တော်မူခဲ့ပေသတည်း။
۞ وَإِنَّ مِن شِيعَتِهِ لَإِبْرَاهِيمَ ۝٨٣
📖 ဘာသာပြန် အာယာသ် 83
ထို့ပြင် ဧကန်မလွဲ ထို(နဗီတမန်တော်) နူးဟ်၏ လမ်းစဉ်ကိုလိုက်သူတို့တွင် (နဗီတမန်တော် "အီဗ်ရာဟီမ်"သည်လည်း တစ်ဦးအပါအဝင်ဖြစ်၏။)
إِذْ جَاءَ رَبَّهُ بِقَلْبٍ سَلِيمٍ ۝٨٤
📖 ဘာသာပြန် အာယာသ် 84
(ပြန်လည်သတိရကြလေကုန်၊) အကြင်အခါဝယ် ထိုအီဗ်ရာဟီမ်သည် (ဒွိဟသံသယ စသောရောဂါများ)ကင်းရှင်းသော စိတ်နှလုံးနှင့်တကွ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ လှည့်ခဲ့လေ၏။
إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَاذَا تَعْبُدُونَ ۝٨٥
📖 ဘာသာပြန် အာယာသ် 85
တစ်ရံရောအခါဝယ် ထို (နဗီတမန်တော်)အီဗ်ရာဟီမ်သည် မိမိဖခင်အားလည်းကောင်း၊ မိမိ အမျိုးသားတို့အားလည်းကောင်း၊ ပြောဆို (မေးမြန်း)ခဲ့၏။ အသင်တို့သည် မည်သည့်အရာကို ကိုးကွယ်နေကြသနည်း။
أَئِفْكًا آلِهَةً دُونَ اللَّهِ تُرِيدُونَ ۝٨٦
📖 ဘာသာပြန် အာယာသ် 86
အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍(မိမိတို့ကိုယ်တိုင်) ကြံဖန်ပြုလုပ်ထားသော ကိုးကွယ်ရာများကို(ဆည်းကပ်ကိုးကွယ်ရန်) လိုလားကြလေသလော။
فَمَا ظَنُّكُم بِرَبِّ الْعَالَمِينَ ۝٨٧
📖 ဘာသာပြန် အာယာသ် 87
သို့ဖြစ်လျှင် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် ပတ်သက်၍ အသင်တို့သည် မည်သို့ ယူဆကြပေသနည်း။
فَنَظَرَ نَظْرَةً فِي النُّجُومِ ۝٨٨
📖 ဘာသာပြန် အာယာသ် 88
ထို့နောက် အီဗ်ရာဟီမ်သည် ကြယ်နက္ခတ်များကို တစ်ချက်စူးစိုက်၍ ကြည့်ခဲ့လေ၏။
فَقَالَ إِنِّي سَقِيمٌ ۝٨٩
📖 ဘာသာပြန် အာယာသ် 89
ထို့နောက် "ဧကန်အမှန် ငါသည် စိတ်ထိခိုက်သူဖြစ်သည်" ဟု ပြောဆိုခဲ့လေ၏။
فَتَوَلَّوْا عَنْهُ مُدْبِرِينَ ۝٩٠
📖 ဘာသာပြန် အာယာသ် 90
ထို့နောက် ၎င်းတို့သည် ထိုအီဗ်ရာဟီမ်၏ထံမှကျောခိုင်းလျက် လှည့်ပြန်ခဲ့ကြကုန်၏။
فَرَاغَ إِلَىٰ آلِهَتِهِمْ فَقَالَ أَلَا تَأْكُلُونَ ۝٩١
📖 ဘာသာပြန် အာယာသ် 91
ထို့နောက် ထိုအီဗ်ရာဟီမ်သည် ထိုအမျိုးသားတို့၏ ကိုးကွယ်ရာ(ဆင်းတု)များထံ ဝင်ရောက်ခဲ့ပြီးလျှင်(ဤသို့)ပြောဆိုခဲ့၏။ အသင်တို့သည် အဘယ်ကြောင့် မစားကြသနည်း။
مَا لَكُمْ لَا تَنطِقُونَ ۝٩٢
📖 ဘာသာပြန် အာယာသ် 92
အသင်တို့သည် မည်သည့်အကြောင်းကြောင့် စကားမပြောကြသနည်း။
فَرَاغَ عَلَيْهِمْ ضَرْبًا بِالْيَمِينِ ۝٩٣
📖 ဘာသာပြန် အာယာသ် 93
တစ်ဖန် ထိုအီဗ်ရာဟီမ်သည် ယင်းဆင်းတုတော်များအပေါ်သို့ အရှိန်ပြင်းစွာ သွားရောက်၍ လက်ယာလက်ဖြင့် ရိုတ်ခတ်လေတော့၏။
فَأَقْبَلُوا إِلَيْهِ يَزِفُّونَ ۝٩٤
📖 ဘာသာပြန် အာယာသ် 94
ထို့နောက် ၎င်းအမျိုးသားတို့သည် ထိုအီဗ်ရာဟီမ်၏ထံသို့ အပြေးအလွှား လာခဲ့ကြလေသည်။
قَالَ أَتَعْبُدُونَ مَا تَنْحِتُونَ ۝٩٥
📖 ဘာသာပြန် အာယာသ် 95
ထိုအခါ ထိုသူ(အီဗ်ရာဟီမ်)က (ဤသို့)ပြောကြားခဲ့၏။ အသင်တို့သည် မိမိတို့ကိုယ်တိုင် ထုလုပ်ထားကြသောအရာများကို ဆည်းကပ်ကိုးကွယ် ကြလေသလော။
وَاللَّهُ خَلَقَكُمْ وَمَا تَعْمَلُونَ ۝٩٦
📖 ဘာသာပြန် အာယာသ် 96
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသင်တို့အားလည်းကောင်း၊ အသင်တို့ ပြုလုပ်ကျင့်မူကြသော အရာဝတ္ထုများကိုလည်းကောင်း၊ (အားလုံးကိုပင်)ဖန်ဆင်းတော်မူခဲ့၏။
قَالُوا ابْنُوا لَهُ بُنْيَانًا فَأَلْقُوهُ فِي الْجَحِيمِ ۝٩٧
📖 ဘာသာပြန် အာယာသ် 97
ထို(အခါ) အမျိုးသားတို့က "အသင်တို့သည် ထိုအီဗ်ရာဟီမ်၏အဖို့ အဆောက်အအုံတစ်ခုကို တည်ဆောက်ပြီးလျှင်၊ ၎င်းအား မီးတောက်မီးလျှံအတွင်းသို့ ပစ်ချကြလေကုန်" ဟု ပြောဆိုခဲ့ကြကုန်၏။
فَأَرَادُوا بِهِ كَيْدًا فَجَعَلْنَاهُمُ الْأَسْفَلِينَ ۝٩٨
📖 ဘာသာပြန် အာယာသ် 98
အချုပ်မှာ ၎င်းတို့သည် ထိုအီဗ်ရာဟီမ်နှင့်ပတ်သက်၍ မကောင်းသောအကြံအစည်ကို ကြံရွယ်ခဲ့ကြသော်လည်း ငါအရှင်မြတ်သည် ၎င်းတို့အား (အရေး)နိမ့်စေတော်မူခဲ့ပေသတည်း။
وَقَالَ إِنِّي ذَاهِبٌ إِلَىٰ رَبِّي سَيَهْدِينِ ۝٩٩
📖 ဘာသာပြန် အာယာသ် 99
ထို့နောက် ထိုအီဗ်ရာဟီမ်သည် (ဤသို့)ပြောကြားခဲ့လေ၏။ ဧကန်အမှန် ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ သွားတော့မည်။ ထိုအရှင်မြတ်သည် ငါ့အား (လိုရာပန်းတိုင်သို့) အမှန်ပင် ပို့ဆောင်တော်မူပေမည်။
رَبِّ هَبْ لِي مِنَ الصَّالِحِينَ ۝١٠٠
📖 ဘာသာပြန် အာယာသ် 100
အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်အား သူတော်ကောင်း(သား)တစ်ယောက် ချီးမြှင့်ပေးသနားတော်မူပါ။
فَبَشَّرْنَاهُ بِغُلَامٍ حَلِيمٍ ۝١٠١
📖 ဘာသာပြန် အာယာသ် 101
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအီဗ်ရာဟီမ်အား ခန္တီတရားနှင့် ပြည့်စုံသောသားတော်တစ်ပါး၊ (ချီးမြှင့်တော်မူမည် ဖြစ်ကြောင်း) ဝမ်းမြောက်ဖွယ် သတင်းပေးတော်မူခဲ့၏။
فَلَمَّا بَلَغَ مَعَهُ السَّعْيَ قَالَ يَا بُنَيَّ إِنِّي أَرَىٰ فِي الْمَنَامِ أَنِّي أَذْبَحُكَ فَانظُرْ مَاذَا تَرَىٰ ۚ قَالَ يَا أَبَتِ افْعَلْ مَا تُؤْمَرُ ۖ سَتَجِدُنِي إِن شَاءَ اللَّهُ مِنَ الصَّابِرِينَ ۝١٠٢
📖 ဘာသာပြန် အာယာသ် 102
၎င်းနောက် ထိုသားတော်သည် ထိုအီဗ်ရာဟီမ်နှင့်အတူ သွားလာပြေးလျှောက်နိုင်သော အရွယ်သို့ ရောက်သောအခါ ထိုအစ်ဗ်ရာဟီမ်သည် (ဤသို့) ပြောကြားခဲ့လေ၏။"အို-ချစ်သား ငါသည် ဧကန်မလွဲ အသင့်အား လှီးဖြတ်နေသည်ကို အိပ်မက်တွင် ဧကန်အမှန် မြင်မက်သည်။ သို့ဖြစ်ပေရာ အသင်သည် မည်သို့ထင်မြင်ယူဆသနည်း"စဉ်းစားပါလေ။ ထို(အခါ)သားတော်က "အို-ခမည်းတော်၊ ခမည်းတော်သည် ပေးတော်မူခြင်းခံရသော အမိန့်တော်ကိုသာ လိုက်နာဆောင်ရွက်ပါ။ "အင်န်ရှာအလ္လာဟ်" (အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင်) ခမည်းတော်သည် ကျွန်တော့်အား ခန္တီတရား ထားရှိသူတစ်ဦးအဖြစ် အမှန်ပင် တွေ့ရှိပါလိမ့်မည်ဟု ပြန်ကြားခဲ့လေ၏။
فَلَمَّا أَسْلَمَا وَتَلَّهُ لِلْجَبِينِ ۝١٠٣
📖 ဘာသာပြန် အာယာသ် 103
ထို့နောက် ထို(သားအဖ)နှစ်ပါးလုံးသည် အမိန့်တော်ကို လိုက်နာပြီး ထိုအီဗ်ရာဟီမ်သည် (လှီးဖြတ်ရန်)ထိုသားတော်အား မှောက်လျက် လှဲခဲ့လေ သောအခါ။
وَنَادَيْنَاهُ أَن يَا إِبْرَاهِيمُ ۝١٠٤
📖 ဘာသာပြန် အာယာသ် 104
ငါအရှင်မြတ်သည် ၎င်းအား (ဤသို့) အသံပြုတော်မူခဲ့၏။ အို-အီဗ်ရာဟီမ်၊
قَدْ صَدَّقْتَ الرُّؤْيَا ۚ إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ ۝١٠٥
📖 ဘာသာပြန် အာယာသ် 105
ဧကန်မလွဲ အသင်သည် အိပ်မက်ကို အမှန်အကန် ဆောင်ရွက်ခဲ့လေပြီ။ ဧကန်အမှန် ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။
إِنَّ هَٰذَا لَهُوَ الْبَلَاءُ الْمُبِينُ ۝١٠٦
📖 ဘာသာပြန် အာယာသ် 106
ဧကန်မလွဲ ဤသည် ထင်ရှားစွာသော စမ်းသပ်မှုတစ်ရပ် အမှန်ပင်ဖြစ်၏။
وَفَدَيْنَاهُ بِذِبْحٍ عَظِيمٍ ۝١٠٧
📖 ဘာသာပြန် အာယာသ် 107
၎င်းပြင် ငါအရှင်မြတ်သည် ကြီးကျယ် မြင့်မြတ်လှစွာသော သတ်ဖြတ်အပ်သည့်သားကောင် တစ်ကောင်ဖြင့်(အစားထိုး၍) ထိုသားတော်အား ရွေးယူတော်မူခဲ့၏။
وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ ۝١٠٨
📖 ဘာသာပြန် အာယာသ် 108
၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ထိုအီဗ်ရာဟီမ်နှင့်ပတ်သက်၍ (၎င်းအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။
سَلَامٌ عَلَىٰ إِبْرَاهِيمَ ۝١٠٩
📖 ဘာသာပြန် အာယာသ် 109
အီဗ်ရာဟီမ်၏အပေါ်ဝယ် "စလာမ်" ချမ်းမြေ့သာယာမှုသည် ကျရောက်ပါစေ။
كَذَٰلِكَ نَجْزِي الْمُحْسِنِينَ ۝١١٠
📖 ဘာသာပြန် အာယာသ် 110
ဧကန်မလွဲ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။
إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ ۝١١١
📖 ဘာသာပြန် အာယာသ် 111
ဧကန်စင်စစ် ထိုအီဗ်ရာဟီမ်သည် ငါအရှင်မြတ်၏ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ကျွန်တို့အနက် အပါအဝင်ဖြစ်၏။
وَبَشَّرْنَاهُ بِإِسْحَاقَ نَبِيًّا مِّنَ الصَّالِحِينَ ۝١١٢
📖 ဘာသာပြန် အာယာသ် 112
၎င်းပြင် ငါအရှင်မြတ်သည် ထိုအီဗ်ရာဟီမ်အား "အစ်ဟာက်"နှင့်ပတ်သက်၍ နဗီတမန်တော်တစ်ပါး၊ သူတော်ကောင်းတစ်ပါး ဖြစ်မည့်အကြောင်း ဝမ်းမြောက်ဖွယ်သတင်း မိန့်ကြားတော်မူခဲ့၏။
وَبَارَكْنَا عَلَيْهِ وَعَلَىٰ إِسْحَاقَ ۚ وَمِن ذُرِّيَّتِهِمَا مُحْسِنٌ وَظَالِمٌ لِّنَفْسِهِ مُبِينٌ ۝١١٣
📖 ဘာသာပြန် အာယာသ် 113
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအီဗ်ရာဟီမ်၏အပေါ်၌လည်းကောင်း၊ "အစ်ဟာက်"၏အပေါ်၌ လည်းကောင်း၊ ချမ်းသာကြောင်းကို ချပေးသနားတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့နှစ်ဦး၏ သားမြေးတို့အနက် သူတော်ကောင်းလည်းရှိ၏။ မိမိကိုယ်ကိုမိမိ အထင်အရှား နှိပ်စက်ကလူပြုသူလည်းရှိချေသတည်း။
وَلَقَدْ مَنَنَّا عَلَىٰ مُوسَىٰ وَهَارُونَ ۝١١٤
📖 ဘာသာပြန် အာယာသ် 114
ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်)"မူစာ"၏အပေါ်၌လည်းကောင်း၊(နဗီတမန်တော်)"ဟာရူန်"၏အပေါ်၌လည်းကောင်း၊ ကျေးဇူးပြုတော်မူခဲ့၏။
وَنَجَّيْنَاهُمَا وَقَوْمَهُمَا مِنَ الْكَرْبِ الْعَظِيمِ ۝١١٥
📖 ဘာသာပြန် အာယာသ် 115
ထို့ပြင် ငါအရှင်မြတ်သည် ထို"မူစာ"နှင့်"ဟာရူန်" နှစ်ဦးတို့အားလည်းကောင်း၊ ထိုနှစ်ဦးတို့၏ အမျိုးသားတို့အားလည်းကောင်း၊ ကြီးကျယ်စွာ သော ပူပင်သောကမှ ကယ်တင်တော်မူခဲ့၏။
وَنَصَرْنَاهُمْ فَكَانُوا هُمُ الْغَالِبِينَ ۝١١٦
📖 ဘာသာပြန် အာယာသ် 116
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကူညီစောင်မတော်မူခဲ့ရာ ၎င်းတို့သည်ပင်လျှင် အောင်မြင်သူများ ဖြစ်ခဲ့ကြကုန်၏။
وَآتَيْنَاهُمَا الْكِتَابَ الْمُسْتَبِينَ ۝١١٧
📖 ဘာသာပြန် အာယာသ် 117
ထို့ပြင် ငါအရှင်မြတ်သည် ထိုမူစာနှင့်ဟာရူန်နှစ်ဦးစလုံးကို ရှင်းလင်းပြတ်သားသော(တောင်ရာတ်) ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
وَهَدَيْنَاهُمَا الصِّرَاطَ الْمُسْتَقِيمَ ۝١١٨
📖 ဘာသာပြန် အာယာသ် 118
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုမူစာနှင့်ဟာရူန်နှစ်ဦးစလုံးအား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ညွှန်ကြားပြသတော်မူခဲ့၏။
وَتَرَكْنَا عَلَيْهِمَا فِي الْآخِرِينَ ۝١١٩
📖 ဘာသာပြန် အာယာသ် 119
၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ၎င်းတို့နှစ်ဦးစလုံးနှင့်ပတ်သက်၍ (၎င်းတို့နှစ်ဦးစလုံးအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။
سَلَامٌ عَلَىٰ مُوسَىٰ وَهَارُونَ ۝١٢٠
📖 ဘာသာပြန် အာယာသ် 120
စလာမ်" ငြိမ်းချမ်းသာယာမှုသည် မူစာ၏အပေါ်၌လည်းကောင်း၊ ဟာရူန်၏အပေါ်၌လည်းကောင်း၊ ကျရောက်ပါစေ။
إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ ۝١٢١
📖 ဘာသာပြန် အာယာသ် 121
ဧကန်မလွဲ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် သူတော်ကောင်းတို့အား အစားပေးလေ့ရှိတော်မူ၏။
إِنَّهُمَا مِنْ عِبَادِنَا الْمُؤْمِنِينَ ۝١٢٢
📖 ဘာသာပြန် အာယာသ် 122
ဧကန်စင်စစ် ထိုနှစ်ဦးစလုံးသည် ငါအရှင်မြတ်၏ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ကျွန်တို့တွင် အပါအဝင် ဖြစ်ကြကုန်သတည်း။
وَإِنَّ إِلْيَاسَ لَمِنَ الْمُرْسَلِينَ ۝١٢٣
📖 ဘာသာပြန် အာယာသ် 123
ထိုမှတစ်ပါး ဧကန်စင်စစ် "အီလ်ယာစ်" သည်"ရစူလ်" တမန်တော်တို့တွင် အမှန်ပင် တစ်ဦးအပါအဝင် ဖြစ်၏။
إِذْ قَالَ لِقَوْمِهِ أَلَا تَتَّقُونَ ۝١٢٤
📖 ဘာသာပြန် အာယာသ် 124
တစ်ရံရောအခါဝယ် "အီလ်ယာစ်"သည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေ၏။ (အချင်းတို့၊)အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။
أَتَدْعُونَ بَعْلًا وَتَذَرُونَ أَحْسَنَ الْخَالِقِينَ ۝١٢٥
📖 ဘာသာပြန် အာယာသ် 125
အသင်တို့သည် အကောင်းဆုံး ဖန်ဆင်းတော်မူသော အရှင်မြတ်အား စွန့်ထားကြ၍ "ဗအ်လ်" (ဟုမည်တွင်သော ဆင်းတု)ကို ဟစ်ခေါ်(တသ ကိုးကွယ်ဆည်းကပ်)ကြလေသလော။
اللَّهَ رَبَّكُمْ وَرَبَّ آبَائِكُمُ الْأَوَّلِينَ ۝١٢٦
📖 ဘာသာပြန် အာယာသ် 126
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ထိုနည်းတူစွာ အသင်တို့၏ ရှေးဟောင်းအဘ၊ ဘိုး၊ ဘေးများအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အား (စွန့်ထားကြ၍)။
فَكَذَّبُوهُ فَإِنَّهُمْ لَمُحْضَرُونَ ۝١٢٧
📖 ဘာသာပြန် အာယာသ် 127
သို့တစေလည်း ၎င်းတို့သည် ထို(နဗီတမန်တော်) အီလ်ယာစ်အား မုသာဝါဒီဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ၊ ဧကန်စင်စစ် ၎င်းတို့သည် (ငါအရှင်မြတ်၏) ရှေ့တော်မှောက်သို့ သွင်းခြင်းခံကြရမည့်သူများ အမှန်ပင်ဖြစ်ကြကုန်၏။
إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ ۝١٢٨
📖 ဘာသာပြန် အာယာသ် 128
သို့ရာတွင် ရွေးချယ်ခြင်း ခံခဲ့ကြရလေသော အလ္လာဟ်အရှင်မြတ်၏ ကျွန်တို့မှာမူကား (ကောင်းမြတ်သော အကျိုးကျေးဇူးကို ခံစားကြရပေမည်)။
وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ ۝١٢٩
📖 ဘာသာပြန် အာယာသ် 129
စင်စစ် ငါအရှင်မြတ်သည် ထိုအီလ်ယာစ်နှင့်ပတ်သက်၍ နောင်လာနောက်သားတို့တွင် (၎င်းအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။
سَلَامٌ عَلَىٰ إِلْ يَاسِينَ ۝١٣٠
📖 ဘာသာပြန် အာယာသ် 130
စလာမ်" ငြိမ်းချမ်း သာယာမှုသည် "အီလ်ယာစီန်" ၏အပေါ်ဝယ် ကျရောက်ပါစေ။
إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ ۝١٣١
📖 ဘာသာပြန် အာယာသ် 131
ဧကန်မလွဲ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။
إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ ۝١٣٢
📖 ဘာသာပြန် အာယာသ် 132
စင်စစ်ဧကန် ထို"အီလ်ယာစီန်"သည် ငါအရှင်မြတ်၏ သက်ဝင်ယုံကြည်ကုန်သော ကျွန်တို့တွင် တစ်ဦးအပါအဝင် ဖြစ်ချေသတည်း။
وَإِنَّ لُوطًا لَّمِنَ الْمُرْسَلِينَ ۝١٣٣
📖 ဘာသာပြန် အာယာသ် 133
ထိုမှတစ်ပါး ဧကန်မလွဲ"လူတ်"သည်လည်း"ရစူလ်" တမန်တော်တို့တွင် အပါအဝင်ဖြစ်လေ၏။
إِذْ نَجَّيْنَاهُ وَأَهْلَهُ أَجْمَعِينَ ۝١٣٤
📖 ဘာသာပြန် အာယာသ် 134
အကြင်အခါဝယ် ငါအရှင်မြတ်သည် ထို "လူတ်"အားလည်းကောင်း၊ ထို"လူတ်"၏ အိမ်သူအိမ်သား အားလုံးတို့ကိုလည်းကောင်း၊ ကယ်တင်တော်မူခဲ့၏။
إِلَّا عَجُوزًا فِي الْغَابِرِينَ ۝١٣٥
📖 ဘာသာပြန် အာယာသ် 135
သို့ရာတွင် အမယ်အိုတစ်ဦးမှာ ကျန်ရစ်ခဲ့သူတို့တွင် ပါဝင်ခဲ့၏။
ثُمَّ دَمَّرْنَا الْآخَرِينَ ۝١٣٦
📖 ဘာသာပြန် အာယာသ် 136
ထို့နောက် ငါအရှင်မြတ်သည် အခြားသောသူတို့အား ဖျက်ဆီးတော်မူခဲ့၏။
وَإِنَّكُمْ لَتَمُرُّونَ عَلَيْهِم مُّصْبِحِينَ ۝١٣٧
📖 ဘာသာပြန် အာယာသ် 137
စင်စစ်ဆိုသော် မုချဧကန် အသင်တို့သည် နေ့အခါ၌ ၎င်းတို့၏(ပျက်စီးနေသောမြို့ရွာ)အနီးမှ ဖြတ်သန်းသွားလာလျက်ပင် ရှိကြကုန်၏။
وَبِاللَّيْلِ ۗ أَفَلَا تَعْقِلُونَ ۝١٣٨
📖 ဘာသာပြန် အာယာသ် 138
ထိုနည်းတူစွာ (အသင်တို့သည်) ညဉ့်အခါ၌လည်း(ဖြတ်သန်းသွားလာလျက် ရှိကြပေသည်၊)သို့ပါလျက် အသင်တို့သည် (မစဉ်းစားမဆင်ခြင်) မသိ နားမလည်ကြလေသလော။
وَإِنَّ يُونُسَ لَمِنَ الْمُرْسَلِينَ ۝١٣٩
📖 ဘာသာပြန် အာယာသ် 139
ထိုမှတစ်ပါး ဧကန်အမှန် "ယူနွတ်စ်"သည်လည်း "ရစူလ်" တမန်တော်တစ်ဦးဖြစ်ခဲ့၏။
إِذْ أَبَقَ إِلَى الْفُلْكِ الْمَشْحُونِ ۝١٤٠
📖 ဘာသာပြန် အာယာသ် 140
အခါတစ်ပါး၌ ထို "ယူနွတ်စ်" သည် ကုန်စည်အပြည့်တင်ထားသော သင်္ဘော၏အနီးသို့ ပြေး၍သွားခဲ့လေ၏။
فَسَاهَمَ فَكَانَ مِنَ الْمُدْحَضِينَ ۝١٤١
📖 ဘာသာပြန် အာယာသ် 141
ထို့နောက် ထို"ယူနွတ်စ်"သည်(သင်္ဘောသားများ) မဲစာရေးတံချရာတွင် ပါဝင်မဲချစေခဲ့ရာ၊ ၎င်းမှာ အရေးရှုံးနိမ့်သူ ဖြစ်ခဲ့ရလေ၏။
فَالْتَقَمَهُ الْحُوتُ وَهُوَ مُلِيمٌ ۝١٤٢
📖 ဘာသာပြန် အာယာသ် 142
ထို့နောက် ထိုယူနွတ်စ်သည် မိမိကိုယ်ကိုမိမိ အပြစ်တင်လျက်ရှိနေစဉ် ငါးသည် ၎င်းအား မျိုခဲ့လေ၏။
فَلَوْلَا أَنَّهُ كَانَ مِنَ الْمُسَبِّحِينَ ۝١٤٣
📖 ဘာသာပြန် အာယာသ် 143
စင်စစ်သော်ကား အကယ်၍သာ ထို"ယူနွတ်စ်"သည် (ငါအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုသူ မဖြစ်ခဲ့မူ။
لَلَبِثَ فِي بَطْنِهِ إِلَىٰ يَوْمِ يُبْعَثُونَ ۝١٤٤
📖 ဘာသာပြန် အာယာသ် 144
အမှန်ပင် ထို"ယူနွတ်စ်" သည် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တိုင်အောင် ထိုငါး၏ ဝမ်းဗိုက်ထဲ၌သာ နေခဲ့ရပေမည်။
۞ فَنَبَذْنَاهُ بِالْعَرَاءِ وَهُوَ سَقِيمٌ ۝١٤٥
📖 ဘာသာပြန် အာယာသ် 145
ထို့နောက် ငါအရှင်မြတ်သည် ထို"ယူနွတ်စ်"အား လွင်တီးပြင်၌ချတော်မူခဲ့ရာ ၎င်းမှာ နွမ်းရိလျက်ရှိခဲ့၏။
وَأَنبَتْنَا عَلَيْهِ شَجَرَةً مِّن يَقْطِينٍ ۝١٤٦
📖 ဘာသာပြန် အာယာသ် 146
ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၏အပေါ်၌နွယ်တက်သော အပင်တစ်ပင်ကို ပေါက်ရောက်စေတော်မူခဲ့၏။
وَأَرْسَلْنَاهُ إِلَىٰ مِائَةِ أَلْفٍ أَوْ يَزِيدُونَ ۝١٤٧
📖 ဘာသာပြန် အာယာသ် 147
ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား (လူဦးရေ)တစ်သိန်း သို့မဟုတ် တစ်သိန်းကျော်ရှိ အမျိုးသားတို့ထံ(ရစူလ်တမန်တော်အဖြစ်) စေလွှတ်တော်မူခဲ့၏။
فَآمَنُوا فَمَتَّعْنَاهُمْ إِلَىٰ حِينٍ ۝١٤٨
📖 ဘာသာပြန် အာယာသ် 148
ထိုအခါ ၎င်းအမျိုးသားတို့သည် "အီမာန်"သက်ဝင်ယုံကြည်ခဲ့ကြပေရာ ငါအရှင်မြတ်သည် ၎င်းတို့ အားသတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် အကျိုးကျေးဇူးခံစားခွင့် ပေးသနားတော်မူခဲ့ပေသတည်း။
فَاسْتَفْتِهِمْ أَلِرَبِّكَ الْبَنَاتُ وَلَهُمُ الْبَنُونَ ۝١٤٩
📖 ဘာသာပြန် အာယာသ် 149
ယခုသော် အသင်သည် ၎င်းတို့အား မေးမြန်းပါလေ။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၌ သမီးမိန်းကလေးများရှိကြ၍၊ ၎င်းတို့၌မူကား သားယာက်ျားကလေးများ ရှိကြလေသလော။
أَمْ خَلَقْنَا الْمَلَائِكَةَ إِنَاثًا وَهُمْ شَاهِدُونَ ۝١٥٠
📖 ဘာသာပြန် အာယာသ် 150
သို့တည်းမဟုတ် ငါအရှင်မြတ်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား မိန်းမများအဖြစ် ဖန်ဆင်းတော်မူခဲ့သည်ကိုလည်းကောင်း၊ သို့ ကြည့်ရှုလျက် ရှိခဲ့ကြလေသလော။
أَلَا إِنَّهُم مِّنْ إِفْكِهِمْ لَيَقُولُونَ ۝١٥١
📖 ဘာသာပြန် အာယာသ် 151
ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်အမှန် ၎င်းတို့သည် မိမိတို့၏ လီဆယ်မှုဖြင့်သာ ပြောဆိုနေကြသည်။
وَلَدَ اللَّهُ وَإِنَّهُمْ لَكَاذِبُونَ ۝١٥٢
📖 ဘာသာပြန် အာယာသ် 152
အလ္လာဟ်အရှင်မြတ်သည် (သားသမီး) မွေးဖွားတော်မူသည်" ဟု။ သို့ရာတွင် စင်စစ်ဧကန် ၎င်းတို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
أَصْطَفَى الْبَنَاتِ عَلَى الْبَنِينَ ۝١٥٣
📖 ဘာသာပြန် အာယာသ် 153
အလ္လာဟ်အရှင်မြတ်သည် သမီးမိန်းကလေးများအား သားယောက်ျားကလေးများထက် ဦးစားပေးတော်မူခဲ့သလော။
مَا لَكُمْ كَيْفَ تَحْكُمُونَ ۝١٥٤
📖 ဘာသာပြန် အာယာသ် 154
အသင်တို့၌ မည်သို့သော အကြောင်းပြချက်ရှိသနည်း။ အသင်တို့သည် မည်သို့ အဆုံးအဖြတ်ပေးကြသနည်း။
أَفَلَا تَذَكَّرُونَ ۝١٥٥
📖 ဘာသာပြန် အာယာသ် 155
အသင်တို့သည် ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။
أَمْ لَكُمْ سُلْطَانٌ مُّبِينٌ ۝١٥٦
📖 ဘာသာပြန် အာယာသ် 156
သို့တည်းမဟုတ် အသင်တို့၌ ထင်ရှားစွာသော သက်သေအထောက်အထား တစ်စုံတစ်ရာ ရှိလေသလော။
فَأْتُوا بِكِتَابِكُمْ إِن كُنتُمْ صَادِقِينَ ۝١٥٧
📖 ဘာသာပြန် အာယာသ် 157
သို့ရှိခဲ့လျှင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြပါမူ မိမိတို့၏ကျမ်းဂန်ကို ယူလာ (တင်ပြ)ကြလေကုန်။
وَجَعَلُوا بَيْنَهُ وَبَيْنَ الْجِنَّةِ نَسَبًا ۚ وَلَقَدْ عَلِمَتِ الْجِنَّةُ إِنَّهُمْ لَمُحْضَرُونَ ۝١٥٨
📖 ဘာသာပြန် အာယာသ် 158
ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့၏စိတ်ကူးဖြင့်) ထိုအရှင်မြတ်နှင့် ဂျင်(န်)သတ္တဝါတို့၏ အကြားဝယ် ဆွေမျိုးတော်စပ်မှုကို ဖန်တီးခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ဂျင်(န်)သတ္တဝါတို့ကိုယ်တိုင် မိမိတို့မှာ (ပြစ်ဒဏ်၌)အမှန်ပင် အဆင်သင့် ရောက်ရှိစေခြင်း ခံကြရမည့်သူများဖြစ်ကြသည်ကို ကောင်းစွာသိရှိပြီး ဖြစ်ကြကုန်၏။
سُبْحَانَ اللَّهِ عَمَّا يَصِفُونَ ۝١٥٩
📖 ဘာသာပြန် အာယာသ် 159
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ကြံဖန်ပြောဆိုကြသည်တို့မှ လုံးဝ ကင်းရှင်းစင်ကြယ်တော်မူ၏။
إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ ۝١٦٠
📖 ဘာသာပြန် အာယာသ် 160
သို့ရာတွင် ရွေးချယ်ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ကျွန်များမှာမူကား (ပြစ်ဒဏ်မှ ကင်းလွတ်ကြကုန် အံ့သတည်း)။
فَإِنَّكُمْ وَمَا تَعْبُدُونَ ۝١٦١
📖 ဘာသာပြန် အာယာသ် 161
သို့ဖြစ်ရာ အသင်တို့သည်လည်းကောင်း၊ အသင်တို့၏ ဆည်းကပ် ကိုးကွယ်ရာတို့သည်လည်းကောင်း။
مَا أَنتُمْ عَلَيْهِ بِفَاتِنِينَ ۝١٦٢
📖 ဘာသာပြန် အာယာသ် 162
အသင်တို့သည် (အားလုံးစုရုံးလျက်ပင်)ထိုအရှင်မြတ်ဘက်မှ သွေးဆောင်နိုင်ကြသူများ မဟုတ်ကြပေ။ (တစ်နည်း) ထိုအသင်တို့၏ ကိုးကွယ်ရာဘက်သို့ သွေးဆောင်နိုင်ကြသူများ မဟုတ်ကြပေ။
إِلَّا مَنْ هُوَ صَالِ الْجَحِيمِ ۝١٦٣
📖 ဘာသာပြန် အာယာသ် 163
ဂျဟန္နမ်" ငရဲဘုံ၌ ကျရောက်အံ့သောသူမှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှပင်။
وَمَا مِنَّا إِلَّا لَهُ مَقَامٌ مَّعْلُومٌ ۝١٦٤
📖 ဘာသာပြန် အာယာသ် 164
(ကောင်းကင်တမန်များ)က စင်စစ်သော်ကား ကျွန်ုပ်တို့အနက် အသီးသီးအဖို့ အဆင့်အတန်း တစ်ခုစီ သတ်မှတ်ပြီး ဖြစ်သည်။
وَإِنَّا لَنَحْنُ الصَّافُّونَ ۝١٦٥
📖 ဘာသာပြန် အာယာသ် 165
၎င်းပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် စီတန်း၍နေကြသူများပင် ဖြစ်ကြကုန်သည်။
وَإِنَّا لَنَحْنُ الْمُسَبِّحُونَ ۝١٦٦
📖 ဘာသာပြန် အာယာသ် 166
ထိုမှတစ်ပါး ဧကန်စင်စစ် ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်) စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုသူများပင် ဖြစ်ကြကုန်သည်။ (ဟုဆိုကြသည်)။
وَإِن كَانُوا لَيَقُولُونَ ۝١٦٧
📖 ဘာသာပြန် အာယာသ် 167
စင်စစ်သော်ကား ဧကန်မလွဲ ထို(မုရှ်ရစ်က်) တို့သည် (ဤသို့)ပြောဆိုလျက် ရှိခဲ့ကြကုန်၏။
لَوْ أَنَّ عِندَنَا ذِكْرًا مِّنَ الْأَوَّلِينَ ۝١٦٨
📖 ဘာသာပြန် အာယာသ် 168
ဧကန်အမှန် အကယ်၍သာ ကျွန်ုပ်တို့ထံ၌ ရှေးသူဟောင်းတို့၏ဆုံးမဩဝါဒ တစ်စုံတစ်ရာရှိခဲ့မူ။
لَكُنَّا عِبَادَ اللَّهِ الْمُخْلَصِينَ ۝١٦٩
📖 ဘာသာပြန် အာယာသ် 169
အမှန်ပင် ကျွန်ုပ်တို့သည် ရွေးချယ်ခြင်းခံကြရသော အလ္လာဟ်အရှင်မြတ်၏ကျွန်များပင် ဖြစ်ကြမည်။
فَكَفَرُوا بِهِ ۖ فَسَوْفَ يَعْلَمُونَ ۝١٧٠
📖 ဘာသာပြန် အာယာသ် 170
သို့ပါလျက် ၎င်းတို့သည် ယင်းဆုံးမဩဝါဒကို ငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် မကြာမြင့်မီပင် သိရှိကြရမည်။
وَلَقَدْ سَبَقَتْ كَلِمَتُنَا لِعِبَادِنَا الْمُرْسَلِينَ ۝١٧١
📖 ဘာသာပြန် အာယာသ် 171
အမှန်သော်ကား ငါအရှင်မြတ်၏ ရစူလ်တမန်တော်များဖြစ်ကြသော ကျွန်တို့နှင့်ပတ်သက်၍ ငါအရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်သည် ရှေးဦး မဆွကပင် သတ်မှတ်ပြီးဖြစ်ခဲ့ပြီ။
إِنَّهُمْ لَهُمُ الْمَنصُورُونَ ۝١٧٢
📖 ဘာသာပြန် အာယာသ် 172
ဧကန်အမှန် ၎င်းတို့သည်သာလျှင် ကူညီစောင်မခြင်း ခံကြရမည့်သူများ ဖြစ်ကြောင်း။
وَإِنَّ جُندَنَا لَهُمُ الْغَالِبُونَ ۝١٧٣
📖 ဘာသာပြန် အာယာသ် 173
စင်စစ်သော်ကား ဧကန်အမှန် ငါအရှင်မြတ်၏ တပ်မတော်သည်သာလျှင် လွှမ်းမိုးမည်ပင်။
فَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ ۝١٧٤
📖 ဘာသာပြန် အာယာသ် 174
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား အချိန်ကာလ အနည်းငယ်တိုင်အောင် လျစ်လျူရှု၍ နေပါလေ။
وَأَبْصِرْهُمْ فَسَوْفَ يُبْصِرُونَ ۝١٧٥
📖 ဘာသာပြန် အာယာသ် 175
ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ကြည့်နေပါလေ။ ထို့နောက် မကြာမြင့်မီပင် ၎င်းတို့သည်လည်း မြင်ကြရပေမည်။
أَفَبِعَذَابِنَا يَسْتَعْجِلُونَ ۝١٧٦
📖 ဘာသာပြန် အာယာသ် 176
၎င်းတို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကို အလျင်စလို တောင်းဆိုကြလေသလော။
فَإِذَا نَزَلَ بِسَاحَتِهِمْ فَسَاءَ صَبَاحُ الْمُنذَرِينَ ۝١٧٧
📖 ဘာသာပြန် အာယာသ် 177
စင်စစ်သော်ကား ယင်းပြစ်ဒဏ်သည် ၎င်းတို့၏အိမ်ဝင်းထဲ၌ ကျရောက်လာသောအခါ သတိပေးနှိုးဆော်ခြင်းခံ ကြရသောသူများ၏ နံနက်အချိန်ပင် အချိန်မှာ အလွန်ဆိုးရွားလှသော နံနက်အချိန်ပင် ဖြစ်ချိမ့်မည်။
وَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ ۝١٧٨
📖 ဘာသာပြန် အာယာသ် 178
(အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား အချိန်ကာလ အနည်းငယ်တိုင်အောင် လျစ်လျူ၍ နေပါလေ။
وَأَبْصِرْ فَسَوْفَ يُبْصِرُونَ ۝١٧٩
📖 ဘာသာပြန် အာယာသ် 179
ထို့ပြင် အသင်သည် ကြည့်၍သာနေပါလေ။ ထို့နောက် ၎င်းတို့သည်လည်း မကြာမြင့်မီပင် မြင်ကြရကုန်အံ့သတည်း။
سُبْحَانَ رَبِّكَ رَبِّ الْعِزَّةِ عَمَّا يَصِفُونَ ۝١٨٠
📖 ဘာသာပြန် အာယာသ် 180
အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော၊ အနန္တ ဂုဏ်ထူးရှင် ဖြစ်တော်မူသော အရှင်မြတ်သည် ၎င်းတို့ ကြံဖန်ပြောဆိုကြသည်တို့မှ လုံးဝ ကင်းရှင်းစင်ကြယ်တော်မူပါဘိတကား။
وَسَلَامٌ عَلَى الْمُرْسَلِينَ ۝١٨١
📖 ဘာသာပြန် အာယာသ် 181
၎င်းပြင် ချမ်းမြေ့သာယာမှုသည် "ရစူလ်"တမန်တော်တို့အပေါ်ဝယ် ကျရောက်ပါစေသော်။
وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ۝١٨٢
📖 ဘာသာပြန် အာယာသ် 182
ထိုမှတစ်ပါး ချီးမွမ်းထောပနာ အလုံးစုံတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်သာ အပ်စပ်ပေသတည်း။
← 36 အစ်-စဖ်ဖာ့တ် (37/114) 38 →
ဖတ်ရန် အစ်-စဖ်ဖာ့တ် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

37الصافات As-Saffat 📚 182 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အစ်-စဖ်ဖာ့တ် စူရာ — 182 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers